
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသည် ကံဆိုးသည့် အစိုးရဖြစ်ကြောင်း နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားသည်။
၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်က ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်းဟိုတယ်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတည်ထောင်ရေး အစည်းအဝေးတွင် သတင်းမီဒီယာများကိုပြောခြင်းဖြစ်သည်။
NLD အစိုးရတာဝန်ယူချိန်တွင် ရခိုင်ပြည်နယ်အရေးအခင်းနှင့် အခြားပြဿနာများပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုကျဆင်းပြီး စီးပွားရေးအကြပ်အတည်းပြဿနာများနှင့်ရင်ဆိုင်နေရခြင်းမှာ အစိုးရကံဆိုးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီအစိုးရလည်း ကံမကောင်းတာက သူတက်မှဘဲ ရခိုင်ကိစ္စကအရေးခင်းဖြစ်လိုက်၊ ဟိုနေရာကဖြစ်လိုက်၊ ဒီနေရာကဖြစ်လိုက်။ သူ ကံဆိုးတာ။ ဖြစ်တဲ့အခါကြတော့ Investment (ရင်းနှီးမြှုပ်နှံမှု) တွေမလာကြဘူး။ ဒီမှာဝင်မယ့်လူတွေက နောက်ဘာဖြစ်မှန်းမသိတော့ ပိုက်ဆံတွေခေါင်းအုံးထုပ်ထဲထိုးထည့်ကြ။ ဒီပြဿနာတွေနဲ့ ရင်ဆိုင်နေရာတာ။ သူ့မှာလည်း လုံးလည်၊ ချာလည်ဖြစ်နေတဲ့သဘောပဲ” ဟု ဦးခင်ရွှေကပြောကြားသည်။
လက်ရှိကာလသည် သာမန်စီးပွားရေးလုပ်ငန်းရှင်များအပြင် မြန်မာထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များသည်ပင် အခက်အခဲရှိပြီး ၎င်းအနေနှင့် မျက်ရည်ကျရလောက်အောင်ပင် အခက်အခဲရှိကြောင်း ၎င်းကဆိုသည်။
"အားလုံးဟာအခက်အခဲရှိနေသလားဆိုရင် သူ့အတိုင်းအတာနဲ့ ရှိနေကြတယ်။ ကျွန်တော်ဆိုရင် ၁၂ နာရီ ၁ နာရီနောက်ပိုင်း ထိုင်ပြိးတော့ တရားလေးဖွင့်ပြီး တစ်ခါတစ်လေကျရင် မျက်ရည်တောက်တောက်တောက်ကျတဲ့အထိ အခက်အခဲတွေရှိပါတယ်"ဟု ၎င်းကဆိုသည်။
NLD အစိုးရလက်ထက်တွင် စီးပွားရေးအညွှန်းကိန်းများအရ မြန်မာ့စီးပွားရေးတိုးတက်နေသော်လည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတစ်ယောက်ချင်းအနေနှင့် စီးပွားရေးအကြပ်အတည်းများပေါ်ပေါက်နေပြီး အဓိကအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်များရပ်ဆိုင်းခြင်းကြောင့် ပြည်တွင်းမှလုပ်သားများ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်နေရကြောင်း ဦးခင်ရွှေ ကပြောကြားသည်။






0 comments:
Post a Comment