Friday, August 23, 2019

ဒုက္ခသည်စခန်းများအတွင်း မြန်မာစုံစမ်းစစ်ဆေးရေးကော်မရှင်က စိစစ်မှုများလုပ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရ ခွင့်ပြု

Image may contain: 4 people, people standing and outdoor
မြန်မာအစိုးရကဖွဲ့စည်းထားတဲ့ “လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်” (ICOE)ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းတွေထဲမှာ စိစစ်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက သဘောတူလိုက်တယ်လို့ အဲဒီကော်မရှင်က သြဂုတ်(၂၂)ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သြဂုတ်(၁၇)ရက်ကနေ (၂၀)ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာနဲ့ကော့ဘဇာမြို့တွေကို သွားရောက်ခဲ့တဲ့ (ICOE)ကော်မရှင်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ရာမှာ (ICOE)ရဲ့အချက်အလက်စုဆောင်းရေးနဲ့ စိစစ်အတည်ပြုရေးအဖွဲ့ (ECVT)ကို စိစစ်ရေးလုပ်ဖို့ ခွင့်ပြုလိုက်တာဖြစ်တယ်လို့
ဖော်ပြထားတာဖြစ်ပါတယ်။

(ICOE)ရဲ့ခရီးစဉ်မှာ မြေပြင်အခြေအနေတွေကို ပိုမိုနားလည်သဘောပေါက်ဖို့ (ECVT)အဖွဲ့က ကော့ဘဇာဒုက္ခသည်စခန်းရှိနေထိုင်ကြသူတွေကို တွေ့ဆုံမေးမြန်းတာ၊ အချက်အလက်တွေ ကောက်ယူစုဆောင်းတာနဲ့ အောက်ခြေလုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့သဘောတူညီချက် ရရှိဖို့ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
(ICOE)ကော်မရှင်အဖွဲ့ဟာ ဒါကာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး A.K Abdul Momen၊ နိုင်ငံခြားရေးအတွင်းဝန် Md. ShahidulHaque၊ ကုလသမဂ္ဂရဲ့ အရှေ့တောင်အာရှဆိုင်ရာညွှန်ကြားရေးမှူးချုပ်၊ သဘာဝဘေးစီမံခန့်ခွဲမှုနှင့်ကယ်ဆယ်ရေးအတွင်းဝန်၊ ပြည်ထဲရေးတွဲဖက်အတွင်းဝန်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်တာဝန်နဲ့ ECVT လုပ်ငန်းဆောင်ရွက်မယ့်အခြေအနေတွေကိုရှင်းပြတာ၊ ECVT အဖွဲ့လာရောက်နိုင်ဖို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်ပြုပေးဖို့နဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်ပေးဖို့တို့ကို ကော်မရှင်က ပြောဆိုဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကော်မရှင်ရဲ့ဆွေးနွေးချက်နဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စည်းမျဉ်းအရသဘောတူခဲ့ပြီး ECVT အဖွဲ့နဲ့ဆိုင်တဲ့ သတင်းအချက်အလက်နဲ့ ရှင်းလင်းချက်တွေကို ထပ်မံတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
(ICOE)ကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာအောင်ထွန်းသက်နဲ့ မစ္စတာ KenzoOshima တို့ဦးဆောင်တဲ့ကော်မရှင်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာ ကော့ဘဇာရှိဒုက္ခသည်စခန်းတွေဖြစ်တဲ့ Balukhali၊ Jamtoli နဲ့ Kutupalong စခန်းတွေကို တစ်ရက်ခရီးသွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Source-(ICOE)

0 comments:

Post a Comment