အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် သဘောထားကြီးစွာဖြင့် အပစ်အခတ် ရပ်စဲရေးညှိနှိုင်းမှု ဆွေးနွေးပွဲဖြစ်မြောက်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း မြစ်ကြီးနားမြို့ အခြေစိုက်ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှဦးလမိုင်ဂွန်ဂျာက ပြောသည်။
ကချင်အဖွဲ့(KIA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA) နှင့် တအာင်းအဖွဲ့(TNLA) မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အနက် ကချင်အဖွဲ့မှအပ ကျန်သုံးဖွဲ့သည် တပ်မတော်နှင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေသည်။
‘‘နှစ်ဖက် လူကြီးတွေ သဘောထားကြီးကြီးနဲ့ အမြန်ဆုံးတွေ့ဆုံ နိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ မျှော်လင့်တယ်။ သဘောထားကြီးကြီးနဲ့ စားပွဲပေါ်မှာ တွေ့ဆုံညှိနှိုင်း အဖြေရှာမှသာလျှင် ရှေ့ဆက်တိုက်ပွဲ မကြီးထွားနိုင်ဘူးပေါ့။ ဒါကို လျစ်လျူရှုမယ်၊ စစ်ကိုစစ်နဲ့ပဲ တန်ပြန်မယ်၊ အဲဒီလို ဖြေရှင်းမယ်ဆို ရေရှည်မှာ ငြိမ်းချမ်းရေးအတွက် အများကြီး ထိခိုက်ဆုံးရှုံးနိုင်တယ်’’ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။
မြောက်ပိုင်းသုံးဖွဲ့သည် သြဂုတ် ၁၅ ရက်က ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် ဆွေးနွေးပွဲဖြစ်မြောက်ရေးကို ထိခိုက်စေခဲ့ကြောင်း၊ သို့ရာတွင် တပ်မတော်ဘက်က ပြင်းထန်သည့်တုံ့ပြန် မှုများ ဆောင်ရွက်ပါက ပြဿနာသည် ပိုမိုကြီးထွားလာနိုင် ကြောင်း လေ့လာသူတို့က ဆို သည်။
အစိုးရကမူ မြောက်ပိုင်းသုံးဖွဲ့၏ သြဂုတ် ၁၅ ရက် တိုက်ခိုက် မှုသည် အကြမ်းဖက်လုပ်ရပ် ဖြစ်သော်လည်း ဆွေးနွေးပွဲဖြစ်မြောက် ရေး အမြန်ဆုံးကြိုးပမ်းမည်ဖြစ် ကြောင်း သြဂုတ် ၁၆ ရက်တွင် ပြောကြားသည်။
‘‘မြောက်ပိုင်းလေးဖွဲ့နဲ့ ဇွန်လ ၃၀ ရက် တွေ့ပြီးတဲ့နောက်မှာ ဆွေးနွေးဖို့ဆိုပြီး အစိုးရ ကိုယ်စားလှယ်အဖွဲ့က ကမ်းလှမ်းထားခဲ့တာ ရှိတယ်။ အကြောင်းပြန် တာကို စောင့်နေတယ်’’ဟု အစိုးရကိုယ်စားလှယ်တစ်ဦးက ဆို သည်။
ဆွေးနွေးပွဲ ကျင်းပမည့်နေ ရာ ညှိနှိုင်းမရခြင်းကြောင့် ကြန့်ကြာနေသည့် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့၏ ဆွေးနွေးပွဲကို မိုင်းလားမြို့၌ ကျင်းပရန် အစိုးရကအဆိုပြုထားရာ KIA က လက်ခံသော်လည်း မြောက်ပိုင်းသုံးဖွဲ့က အကြောင်းမပြန်သေးပေ။
ဆွေးနွေးပွဲကျင်းပမည့် နေရာ သဘောတူညီမှု မရသေး၍ အခက်အခဲများ ရှိနေကြောင်း၊ မြောက်ပိုင်းသုံးဖွဲ့ ကိုယ်စားလှယ်များ၏ လုံခြုံရေးအရ နေရာရွေးချယ်ရခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က သြဂုတ် ၁၅ ရက်ကပြောကြားထားသည်။
‘‘ကျွန်တော်တို့ ဘက်ကတော့ ဆွေးနွေးပွဲ ပြုလုပ်ဖို့ကတော့ အဆင်သင့်ရှိပါတယ်’’ ဟု ၎င်းကဆိုသည်။
အစိုးရအနေဖြင့် မြောက်ပိုင်းလေးဖွဲ့နှင့် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဆက်သွယ်ရာတွင် KIA နှင့် ဆက်သွယ်မှုကို PCG မှ တစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြောက်ပိုင်းသုံးဖွဲ့နှင့် ဆက်သွယ်မှုကို ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)မှ တစ်ဆင့် ဆောင်ရွက်ခြင်း ဖြစ်သည်။
7Day






0 comments:
Post a Comment