Wednesday, July 29, 2020

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့နယ်၊ ပေါင်နက်ကြီးကျွန်း၌ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သူများအား ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပေါင်နက်ကြီးကျွန်း၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၂၁ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါကျွန်းသို့ လှေငယ် ၁ စီးလျှင် လူ ၃ ဦးဖြင့် လှေ ၂ စီး၊စုစုပေါင်း လူ ၆ ဦး ကမ်းကပ်လာရာ မသင်္ကာ၍ စစ်ဆေးရန်ခေါ်ယူစဉ် လှေများပေါ်မှ ၃ ဦးမှာ ခုန်ချထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီး ရာ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ထွက်ပြေးသွားသူများအနက်မှ ၁ ဦးအား ပြန်လည် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူ ၄ ဦးမှာ ကျောက်ဖြူမြို့နယ်၊ ကြံချိုင်ကျေးရွာနေသူများဖြစ်ပြီး စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့အနက်မှ အောင်တင်ဝေနှင့် မြင့်မြတ်ထွန်းတို့ နှစ်ဦးသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များနှင့် ပတ်သက်ဆက်နွယ်နေသူများဖြစ်ပြီး ရိက္ခာနှင့် ဆက်ကြေးကောက်ခံပေးနေသူများဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃ ရက် သိုင်းချောင်းလမ်းဆုံ မိုင်းထောင်ဖောက်ခွဲမှုဖြစ်စဉ်၌ ပါဝင်ဆောင်ရွက်ခဲ့သူများဖြစ်ပြီး ယခုအခါ ပေါင်နက်ကြီးကျွန်းသို့ လာရောက်၍ တပ်မတော်စစ်ကြောင်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများအား လာရောက်စုံစမ်းစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ အမာခံ နှစ်ဦးအား သက်ဆိုင်ရာသို့ လွှဲပြောင်း၍ အကြမ်းဖက်နှိမ်နင်းမှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment