Wednesday, July 29, 2020

လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ကြံခိုင်ရေးပါတီနှင့် မဟာမိတ်အဖြစ်မှ ရပ်စဲထားကြောင်း PNO ပအိုဝ်းပါတီပြောကြား

ယခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်( PNO) အနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းမှုကနေ ရပ်စဲလိုက်တယ်လို့ PNO ရဲ့ အတွင်းရေးမှူးချုပ် ခွန်သိန်းဖေက ပြောကြားလိုက်သည်။
ပြီးခဲ့တဲ့ ၂၀၁၀နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ USDPနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ပေမယ့် အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ PNO အနေနဲ့ မဲဆန္ဒနယ် တိုးချဲ့ဝင်ရောက်တာနဲ့ လူထုဆန္ဒအရ USDP နဲ့ မဟာမိတ်အဖြစ် လက်တွဲမှုကို ရပ်စဲလိုက်တာ ဖြစ်တာလို့ ခွန်သိန်းဖေက ပြောပါတယ်။
“ကျွန်တော်တို့က အရင်တုန်းက သုံးမြို့နယ်ပဲ ဝင်ပြိုင်တာ။ ကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သုံးမြို့နယ်ပဲ တင်ပြိုင်တယ်ပေါ့။ အခုကြတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သုံးမြို့နယ်အပြင်၊ အဲဒီပြင်ပမြို့နယ်တွေ ပအိုဝ်းတွေများတဲ့ မြို့နယ်တွေလည်း ကျွန်တော်တို့က ဝင်ပြိုင်ဖြစ်သွားတယ်လေ။ ပြီးတော့ လူထုဆန္ဒအရရောပေါ့”လို့ ခွန်သိန်းဖေက ပြောပါတယ်။
အခုလို မဟာမိတ်အဖြစ်ကနေ ရပ်စဲလိုက်တာနဲ့ ပတ်သက်ပြီး လတ်တလောမှာတော့ USDP ဘက်က ဘာမှ တုံ့ပြန်မှု မရှိသေးဘူးလို့လည်း ခွန်သိန်းဖေက ပြောပါတယ်။ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ရှမ်းပြည်နယ်အတွင်း USDP နဲ့ ညှိနှိုင်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ် သုံးမြို့နယ်မှာသာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပါတယ်။ ကျန်တဲ့ ပအိုဝ်းတိုင်းရင်းသားတွေအများစု နေထိုင်ရာမြို့နယ်တွေမှာ ပါတီမဟာမိတ်အဖြစ် USDP က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တာပါ။
အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း မြို့နယ် တို့အပြင် ရှမ်းပြည်နယ်အတွင်းက တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ၊ လွိုင်လင်၊ နမ့်ဆန်မြို့နယ်တွေနဲ့ ကယားပြည်နယ်အတွင်းက လွိုင်ကော်၊ မွန်ပြည်နယ်အတွင်းက သထုံ၊ ပဲခူးတိုင်းဒေသကြီးက ထန်းတပင်မြို့နယ်၊ ကရင်ပြည်နယ်တို့မှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၃၅) ဦးနဲ့ ဝင်ပြိုင်သွားမှာပါ။
ဒါဟာ ပအိုဝ်းလူထုရဲ့ တောင်းဆိုချက်ကြောင့်ဖြစ်ပြီး PNO အနေနဲ့ ရွေးကောက်ပွဲကတိကဝတ်အဖြစ် ပအိုဝ်းပြည်သူလူထုတွေရဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးသွားမယ်လို့ PNO အတွင်းရေးမှူးချုပ် ခွန်သိန်းဖေက ပြောပါတယ်။
Crd : One News

0 comments:

Post a Comment