Thursday, January 5, 2023

ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်ပါက မဲဆန္ဒ နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လုံခြုံရေးအရ စိုးရိမ်ရကြောင်း KNDP ဥက္ကဋ္ဌ ပြောကြား

နစက အနေဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပမည်ဟု ပြောဆိုထားသည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လုံခြုံရေးအရ စိုးရိမ်ရကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။
နစကအနေဖြင့် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုထားသော်လည်း လက်ရှိတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ညွှန်ကြားချက်များ ရောက်ရှိမလာသေးခြင်းကြောင့် မည်သည့်နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည်ကို ပြောဆို၍မရကြောင်းနှင့် ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ နေရာသုံးနေရာတွင် အနည်းဆုံးဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်းလည်း ၎င်းက ဆိုသည်။
“ ရွေးကောက်ပွဲအတွက် အခုအချိန်အထိ တိကျသေချာတဲ့ ညွှန်ကြားချက်တွေ မထွက်လာသေးတော့ ကျွန်တော်တို့ ဘယ်လိုမှ ပြောလို့မရသေးဘူး။ ကျွန်တော်တို့က နိုင်ငံရေးပါတီဆိုတော့ အနိမ့်ဆုံးကတော့ သုံးနေရာလောက်တော့ ဝင်ရမှာပေါ့။ အဲ့ဒီအတွက် ပြင်ဆင်တယ်လို့လည်းပြောလို့ရတာပေါ့။ သိပ်အသေချာကြီးတော့ မဟုတ်သေးပါဘူး။ ဘာလို့လဲဆို​တော့ ညွှန်ကြားချက်တွေက အခုထိ မလာသေးလို့ပါ။ ရွေးကောက်ပွဲက ဘယ်နေရာမှာ လုပ်ဖြစ်မလဲ ဆိုတာလည်း မသေချာသေးတော့ ဘယ်နေရာကနေ ဝင်ပြိုင်မလဲဆိုတာ ပြောလို့ မရသေးဘူး။ သေချာမှပဲ ပြောလို့ရမယ်။ ညွှန်ကြားချက်ကို စောင့်နေတာ။ ညွှန်ကြားချက်ထွက်လာမှပဲ လုပ်သင့် လုပ်ထိုက်တာကိုလုပ်ဖို့ စဉ်းစားထားကြပါတယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲမှာ ဒေသအားလုံးရွေးနိုင်ပါ့မလား၊ လုပ်နိုင်ပါ့မလားပေါ့နော်။ လုပ်တဲ့အခါကျရင် လုံခြုံမှုအခြေအနေက စိတ်ချရပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုလေးတွေ ရှိတော့ ရှိတာပေါ့လေ” ဟု မန်းအောင်ပြည်စိုးက ပြောသည်။
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၁၁) နေရာတွင် (၄)နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၆) နေရာတွင် (၅)နေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) နေရာတွင် (၆) နေရာတို့တွင် ဝင်ရောက်အရွေးခံခဲ့သော်လည်း မည်သည့်မဲဆန္ဒနယ်တွင်မှ အနိုင်ရခြင်း မရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့သော်လည်း KNDP ၏ ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်မှာ ဆိုးဆိုးရွားရွားမဖြစ်ခဲ့ဘဲ အနိုင်ရသည့် ကိုယ်စားလှယ်များနှင့် မဲရလဒ် မတိမ်းမယိမ်းတွင်သာ ရခဲ့ကြောင်း သိရသည်။
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီအား ကရင်ပါတီ သုံးပါတီ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး၊ ကရင် ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊စည်းလုံးညီညွှတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီတို့မှ ပါတီတစ်ခုတည်းအဖြစ် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (၂၂) ရက်တွင် စတင်တည်ထောင်ထားခြင်း ဖြစ်သည်။

Popular

0 comments:

Post a Comment