Thursday, January 5, 2023

ဘီလျံနာအီလွန်မက်ခ် အသုံးစရိတ်ဖြတ်၍ တွစ်တာ ဝန်ထမ်းများ ရေအိမ်သုံးစက္ကူပင် နေအိမ်မှယူလာနေရ

ကမ္ဘာကျော်လူမှုကွန်ရက်ကြီးဖြစ်သော တွစ်တာ၏ ပိုင်ရှင်ဖြစ်သူ ဘီလျံနာအီလွန်မတ်စ်ခ်က လူမှုကွန်ရက်ကုမ္ပဏီ၏ အချို့ဝန်ထမ်းများအတွက် ကုန်ကျစရိတ်များကြီးမားစွာဖြတ်တောက်လျက်ရှိရာ ဝန်ထမ်းများအား၎င်းတို့အတွက် ရေအိမ်သုံးစက္ကူများကိုပင် နေအိမ်မှ ရုံးသို့ယူလာစေသည်အထိ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
နယူးယော့ခ်တိုင်းမ်သတင်းစာတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ဖော်ပြသည့်သတင်းအရ တွစ်တာက ငှားရမ်းခနှင့်ဝန်ဆောင်မှုများအတွက် ပေးရန်ငွေကြေးများကိုလည်းရပ်ဆိုင်းထားသည်ဟု ဖော်ပြခဲ့သည်။
တွစ်တာက ဆီတယ်လ်မြို့ရှိ ၎င်း၏ရုံးအတွက် ငှားရမ်းခကိုလည်း မပေးဘဲရပ်ဆိုင်းခဲ့ရာ ဥပဒေအရ နှင်ထုတ်မှုနှင့်ရင်ဆိုင်ခဲ့ရသည်။ လုံခြုံရေးအဖွဲ့များနှင့် သန့်ရှင်းရေးဝန်ထမ်းများကိုလည်း ကုန်ကျစရိတ်ဖြတ်တောက်မှုများပြုခဲ့ကာ နောက်ဆုံးတွင် ဝန်ထမ်းများအနေဖြင့် မိမိသုံးမည့် ရေအိမ်သုံးစက္ကူများကိုပင် အိမ်မှယူလာရသည်အထိ ဖြစ်ရခြင်းဟုဆိုသည်။
ဆန်ဖရန်စစ္စက်ုမြို့ရှိ တွစ်တာရုံးချုပ်၌ သန့်ရှင်းရေးဝန်ထမ်းများကို လစာပိုမိုတိုးမြှင့်ပေးရေး ဆန္ဒပြခဲ့ပြီးနောက် ဒီဇင်ဘာလမှာပင် ဖျက်သိမ်းခဲ့သည်။ ရုံးချုပ်၏ ရေချိုးခန်းနှင့် အိမ်သာများက ညစ်ညမ်းလျက်ရှိကာ အစားအသောက်နံ့များ၊ လူ့ကိုယ်နံ့များလည်း ထွက်ပေါ်လျက်ရှိသည်။ နယူးယော့ခ်တိုင်းမ်သတင်းစာက အီလွန်မတ်စ်ခ်အနေဖြင့် ရုံးချုပ်အဆောက်အအုံ၏ လေးထပ်ကို ပိတ်ထားခဲ့ပြီဟုဖော်ပြခဲ့သည်။ ဝန်ထမ်းများမှာကျန်နှစ်ထပ်၌သာ အလုပ်လုပ်နေကြရခြင်းဖြစ်သည်။
ရက်အနည်းခန့်အကြာက တွစ်တာ၏ ဘဏ္ဍာငွေအသုံးစရိတ်တွင် ဒေါ်လာ သုံးဘီလျံခန့် သက်သာစေရန် ၎င်းအနေဖြင့် ဝန်ထမ်းအချို့လျှော့ချကာ မလိုအပ်သောအသုံးစရိတ်များဖြတ်တောက်ခဲ့ရကြောင်း အီလွန်မတ်စ်ခ် က ပြောခဲ့သည်။ ၎င်းက ယခုအချိန်တွင် တွစ်တာ ကုမ္ပဏီအနေဖြင့် အင်ဂျင်များမီးလောင်နေသော်လည်းမြေပြင်သို့အရှိန်ပြင်းစွာ ဦးတည်ဆင်းနေကာ ထိန်းချုပ်မှုလည်းမပြုနိုင်သည့်လေယာဉ်တစ်စင်းနှင့် တူနေကြောင်းပြောခဲ့သည်။
Ref---WION
MT News

0 comments:

Post a Comment