Thursday, January 5, 2023

၂၀၂၂ ခုနှစ်အတွင်း မြန်မာသီလဝါ SEZ ၏ စတော့ရှယ်ယာအရောင်းအဝယ် အများဆုံးဖြစ်ပေါ်ခဲ့

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီထဲမှာ မြန်မာသီလဝါ SEZ ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း စတော့ရှယ်ယာအရောင်းအဝယ် အများဆုံးဖြစ်ပေါ်ခဲ့ပါတယ်။
MTSH အနေနဲ့ တစ်နှစ်တာအတွင်း ကျပ် (၃၇၅၅.၉၂) သန်း ပမာဏရှိတဲ့ ရှယ်ယာအစောင်ရေ (၁၂) သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ YSX ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
အဲ့ဒီအထဲမှာ Continuous Trading အနေနဲ့ ကျပ်သန်း (၂၃၇၈.၈၀) ပမာဏရှိတဲ့ ရှယ်ယာစောင်ရေ (၇၇၃,၄၆၂) အရောင်းအဝယ်ဖြစ်မှုနဲ့ Block Trading အနေနဲ့ ကျပ်သန်း (၁၃၇၇.၁၂) ပမာဏရှိတဲ့ ရှယ်ယာစောင်ရေ (၄၃၅,၀၀၀) အရောင်းအဝယ်ဖြစ်မှုတို့ ပါဝင်နေပါတယ်။
FMI ကုမ္ပဏီက ကျပ်သန်း (၁၇၀၂.၆၂) ပမာဏရှိတဲ့ ရှယ်ယာစောင်ရေ (၁၉၆,၉၈၁) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း ဒုတိယအများဆုံး စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ကျန်ရှိတဲ့ YSX စာရင်းဝင်ကုမ္ပဏီတွေထဲမှာ ပထမပုဂ္ဂလိကဘဏ် (FPB) က ကျပ်သန်း (၁၀၆၅.၃၂) ပမာဏရှိတဲ့ ရှယ်ယာစောင်ရေ (၅၆,၅၃၈) ၊ မြန်မာနိုင်ငံသားများဘဏ် (MCB) က ကျပ်သန်း (၄၀၄.၇၄) ပမာဏရှိတဲ့ ရှယ်ယာစောင်ရေ (၅၁,၉၄၄) ၊ TMH တယ်လီကွန်းက ကျပ်သန်း (၂၀၆.၅၅) ပမာဏရှိတဲ့ ရှယ်ယာစောင်ရေ (၇၇,၁၆၆) အသီးသီး အရောင်းအဝယ် ရှိခဲ့ပါတယ်။
ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီဖြစ်တဲ့ ထာဝရနဒီ (EFR) က ကျပ်သန်း (၁၀၃.၃၃) ပမာဏရှိတဲ့ ရှယ်ယာစောင်ရေ (၃၈၈၃၄) နဲ့ အများပိုင်ခရီးသွားကုမ္ပဏီ AMATA က ကျပ်သန်း (၁၈၅.၈၁) ပမာဏရှိတဲ့ ရှယ်ယာစောင်ရေ (၃၇၅၅၉) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာအရောင်းအဝယ် အနည်းဆုံး ကုမ္ပဏီတွေ ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း စာရင်းဝင်ကုမ္ပဏီ (၇) ခုရဲ့ အရောင်းအဝယ်ဖြစ်မှုကိုကြည့်ရင် ကျပ်သန်း (၇၄၂၄.၂၉) ပမာဏရှိတဲ့ ရှယ်ယာစောင်ရေ (၁၆၆၇၄၃၄) ဖြစ်ပေါ်ခဲ့တာကို YSX ရဲ့ စာရင်းတွေအရ သိရှိရပါတယ်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းမှာ FMI , MTSH , MCB , FBP , TMH , EFR နဲ့ AMATA စတဲ့ အများပိုင်ကုမ္ပဏီ (၇) ခုက စာရင်းဝင်ကုမ္ပဏီအဖြစ် ရှယ်ယာအရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး တညင်းကုန်းလက်ကားဈေးကို စီမံလုပ်ကိုင်နေတဲ့ MEAX က YSX ကို ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
သတင်း - BETV Business

0 comments:

Post a Comment