Thursday, January 5, 2023

ရသင့်ရထိုက်သည့် အခွန်များ လျော့နည်းလွတ်ကင်းမှု မရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝရရှိရေး ထိရောက်စွာ ဆောင်ရွက်မည်ဟု စီမံဘဏ္ဍာဝန်ကြီး ပြောကြား

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝ ကောက်ခံရရှိနိုင်ရေးကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်က ပြုလုပ်သည့် မြိုနယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဥ် (၇၇) သင်တန်းဆင်းပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
“နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနဲ့အညီ အပြည့်အဝ ကောက်ခံရရှိနိုင်ရေးကို ထိ‌ရောက်စွာ ကြိုးပမ်းဆောင်ရွက်သွားပါမယ်” ဟု ဦးဝင်းရှိန်က ပြောသည်။
နိုင်ငံတော်မှ ကောက်ခံရရှိသော အခွန်အကောက်စုစုပေါင်း၏ ရာခိုင်နှုန်း ၈၀ ကျော်ကို ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံပေးလျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝရရှိရေး ဆောင်ရွက်ရာတွင် အခွန်ထမ်းပြည်သူများက အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့် အခွန်ငွေများကို တာဝန်သိစွာ ပေးဆောင်လာစေမည့် အခွန်ယဥ်ကျေးမှု ထွန်းကားလာစေရန် အသိပညာပေးစည်းရုံး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကြားကာလဖြစ်သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွင်း ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေ စသည့်တို့အပြင် အခြားသောအခွန်အရပ်ရပ်ကောက်ခံရရှိမှုမှ ကျပ် ၃၀၆၉ ဘီလျံ ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည့် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခွန်အရပ်ရပ်ကောက်ခံရရှိမှုအနက် ဝင်ငွေခွန်တစ်ခုတည်းမှ ကောက်ခံရရှိမှု ကျပ် ၁၄၂၄ ဘီလျံကျော်ရှိပြီး စုစုပေါင်းကောက်ခံရရှိမှု၏ ၄၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှု ကျပ် ၉၉၈ ဘီလျံကျော်ရှိပြီး စုစုပေါင်းကောက်ခံရရှိမှု၏ ၃၃ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်သည်။
သို့သော် လက်ရှိတွင် အခွန်ရရှိမှုကျဆင်းနေသဖြင့် အခွန်ရှောင်တိမ်းမှု (Tax Evasion)ကို ကျူးလွန်သူများသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ အရေးယူခံရမည့်အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရလည်း ထပ်မံတရားစွဲဆိုခံရမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

MT News

0 comments:

Post a Comment