Thursday, January 5, 2023

ကုလားတန်စီမံကိန်းအစိတ်အပိုင်း စစ်တွေဆိပ်ကမ်းသစ် ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး လာမည့်တစ်ပတ်၌ ကုန်တင်သင်္ဘောများ ဆိုက်ရောက်မည်ဟု သိရ

အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသည့် ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် စစ်တွေဆိပ်ကမ်းအသစ်အား ဇန်နဝါရီလအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး လာမည့်တစ်ပတ်အတွင်း ကုန်တင်သင်္ဘောများ ဆိုက်ရောက်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ကုလားတန်စီမံကိန်းရဲ့ စစ်တွေဆိပ်ကမ်းကတော့ သူတို့ အကုန်လုံးပြီးစီးနေပါပြီ။ ကျွန်တော်တို့ သိထားသလောက်တော့ International အတွက် စာရွက်စာတမ်းတွေ ခွင့်ပြုချက်တွေ ရပြီးပြီလို့တော့ သိထားပါတယ်။ စဖွင့်မယ်ဆိုတာက ဖွင့်ပွဲက လုပ်မလား၊ မလုပ်ဘူးလားတော့ သေချာတော့မသိဘူး။ တစ်ခုရှိတာ ဘင်္ဂလား‌ဒေ့ရှ်ကို G to G ရောင်းထားတဲ့ဆန်တွေရှိတယ်။ ရခိုင်ကဆန်တွေကတော့ ဒီဆိပ်ကမ်းကနေ စပြီးတော့ တင်ပို့ဖို့အတွက်တော့ အစီအစဥ်လုပ်နေတာတော့ ရှိပါတယ်။ လက်ရှိ ဆိပ်ကမ်းမှာရှိတဲ့ ဆန်ဂို‌ဒေါင်ထဲမှာ Storage လုပ်နေပါပြီ။ သင်္ဘောကတော့ ဒီ ဇန်နဝါရီ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ဆို ရောက်လောက်မယ်ထင်ပါတယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက MT News သို့ ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှ အိမ်နီးချင်းနိုင်ငံများနှင့် ရေကြောင်းမှ ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာ-ဘင်္ဂလား‌ဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ စက်လှေငယ်များဖြင့်သာ ကုန်သွယ်မှုဆောင်ရွက်နိုင်ကြောင်း သိရသည်။

“အခုလော‌လောဆယ်တော့ ရခိုင်ပြည်နယ်ကနေဆို ဒီတစ်ခုပဲရှိပါတယ်။ နဂိုကတည်းက ဆွဲနေတာမရှိဘူးလေ။ ဘင်္ဂလားဒေ့ရှ်နဲ့သွားတဲ့ နယ်စပ်ကုန်သွယ်‌ရေးစခန်းတွေပဲရှိတယ်။ ဒီနယ်စပ်ကုန်သွယ်ရေးစခန်းတွေက လှေနဲ့ပဲသွားရတာ” ဟု ဦးတင်အောင်ဦးက ဆိုသည်။

လက်ရှိတွင် ဆိပ်ကမ်း၌ ဆိုက်ကပ်မည့် နိုင်ငံတကာသ‌င်္ဘောများ ဝင်ရောက်မှုနှင့် ထွက်ခွာမှုအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ပြည်တွင်းသင်္ဘောများ ဝင်ရောက်နိုင်ရန်အတွက်လည်း လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းတွင် စစ်တွေဆိပ်ကမ်း တိုးချဲ့ဆောက်လုပ်ရေး၊ နိုင်ငံတကာသင်္ဘောများ သွားလာနိုင်ရေးအတွက် ကုလားတန်မြစ် တိုးချဲ့တူးဖော်ရေးနှင့် ချင်းပြည်နယ် ပလက်ဝမြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖောက်လုပ်ရေးများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ စစ်တွေဆိပ်ကမ်းဖွင့်လှစ်ပြီးနောက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရာ၌ သင်္ဘောလိုင်းတစ်ခုထားရှိရန်အပြင် အပတ်စဥ် သို့မဟုတ် လစဥ် သင်္ဘောပြေးဆွဲနိုင်ရန် ကုန်သည်များ၊ များလုပ်ငန်းရှင်များနှင့် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ ဆွေးနွေးလျက်ရှိသည်။

ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး စိမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်ကာ အဆိုပါစီမံကိန်းတွင် အိန္ဒိယနိုင်ငံက ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။


MT News

0 comments:

Post a Comment