Thursday, January 5, 2023

အစိုးရအနေဖြင့့် တစ်နိုင်ငံလုံးအကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေးနှင့် မဲပေးမည့်နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

အစိုးရအနေဖြင့့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေးနှင့် မဲပေးမည့်နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပြောကြားသည်။

ဇန်နဝါရီ ၄ ရက်က နေပြည်တော်၌ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်မိန့် ခွန်းပြောကြားရာတွင် နစကဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် ပါတီစုံ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းပြီးနောက် အထွေထွေရွေးကောက်ပွဲ သုံးကြိမ် ကျင်းပခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းတွင် မြို့နယ် ၃၃၀ ရှိသည့်အနက် ၂၀၁၀ ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ၃၂၃ မြို့ နယ်နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၃၁၅ မြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ကြောင်း ပြောကြားသည်။

]]ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်ဆိုတဲ့ အစိုးရများလက်ထက်မှာ ပြည်သူ့ဆန္ဒဖော် ထုတ်နိုင်မှု ပိုမိုပြီးနည်းပါးသွားတာကို သတိပြုဖွယ်တွေ့ရပါတယ်။ ရွေးကောက်ပွဲများ ကျင်းပရာမှာလည်း နိုင်ငံသားတစ်ဦးချင်းရဲ့ ဆန္ဒသဘောတရားကို လွတ်လပ်စွာဖော်ထုတ်နိုင်ဖို့ ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရား တိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုး မှုစတဲ့ မတရားမှုများ ကင်းဝေးရပါမယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့၊ မဲပေးကြမည့်နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်”ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။


ထို့ပြင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများသည် အရေးပါသည့် အခန်းကဏ္ဍကပါဝင်နေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ်ငါးရပ်၏ နောက်ဆုံးအချက်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအ ခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ နိုင်ငံတော်အစိုးရအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အခြေခံအချက်အလက်များ ပြည့်စုံမှန်ကန်အောင် သက်ဆိုင်ရာဌာနများက ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေကို အဆင့်လိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

“တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေးတွေ၊ နစ်နာမှုတွေကို ဥပဒေပြုရေးကဏ္ဍမှာ အမြင့်ဆုံးဖြစ်တဲ့ လွှတ်တော်မှာ တရားဝင်ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ ကျယ်ပြန့်စွာကိုယ်စားပြုခွင့်ရရှိရေးအတွက် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ကျင်းပနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံ ဆွေးနွေးလျက်ရှိပါတယ်”ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။

လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင် သာသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံအဝန်း လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိရန် ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲပူးပေါင်းဆက် လက်ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

မိမိတို့အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်စသည့်ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အခြားကမ္ဘာ့နိုင်ငံများနှင့်လည်း နိုင်ငံတကာဥပဒေများ၊ ပဋိဉာဉ်များ၊ သဘောတူညီချက်များနှင့်အညီ ဆက်သွယ်ဆက်ဆံဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသည့် အချို့အဖွဲ့အစည်းများ၊ နိုင်ငံများ၏ စွက်ဖက်မှု၊ နှောင့်ယှက်လုပ်ဆောင်မှုများ ရှိ ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့မိသားစု ဝင်နိုင်ငံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်ပြီး ပြဋ္ဌာန်းထားသည့် နိုင်ငံခြားရေးမူဝါဒအတိုင်း ရပ်တည်မည်ဖြစ်ကာ နိုင်ငံတော်၏အချုပ် အခြာအာဏာ၊ နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအပေါ် ရပ်တည်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။



Eleven

0 comments:

Post a Comment