Thursday, January 5, 2023

ကေအိုင်အိုဥက္ကဋ္ဌကျန်းမာရေးကြောင့် တာဝန်ယာယီလွှဲပြောင်းခြင်းဖြစ်ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လဟာ ကျန်းမာရေးကြောင့် ဆေးစစ်ဖို့ရှိတဲ့အတွက် ရုံးလုပ်ငန်းတွေကို ပိုမိုထဲထဲဝင်ဝင်လုပ်နိုင်အောင် ဗိုလ်ချုပ်ကြီးဂမ်ရှောင်ကို ယာယီဥက္ကဋ္ဌတာဝန်ယူဖို့ ရုံးတွင်းအမိန့်စာထုတ်ပြန်တာဖြစ်ပြီး ဥက္ကဋ္ဌနေရာကို တစ်ခါတည်း ပြောင်းလဲလိုက်တာမဟုတ်ဘူးလို့ ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ) ဒုဥက္ကဋ္ဌ(၁) ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒီဗွီဘီကို ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်ဟာ ပါတီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ ကျန်းမာရေးစစ်ဆေးနေစဉ် ကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ နေရာနဲ့ ကချင်လွတ် မြောက်ရေးကောင်စီ (ကေအိုင်စီ) ဥက္ကဋ္ဌ နေရာတွေမှာ ယာယီတာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကေအိုင်အေ စစ်ဦးစီးချုပ်နေရာကို ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက တာဝန်ယူထားပါတယ်။ ဒါ့အပြင်  ဒီဗွီဘီက လက်ခံရရှိခဲ့တဲ့ ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ) ရဲ့ ဇန်နဝါရီ ၂ ရက်နေ့က ကချင်ဘာသာနဲ့ထုတ်ပြန်တဲ့အမိန့်စာမှာတော့  ဗဟို ကော်မတီဝင်နဲ့ တိုင်းအဆင့် အုပ်ချုပ်ရေး အကြီးအကဲနေရာတွေကို  ပြောင်းလဲတာဝန်ပေးထားတာ တွေ့ရပါတယ်။

ဗိုလ်ချုပ်ကြီးအင်ဘန်လဟာ ကေအိုင်အို ဥက္ကဋ္ဌ ဇောင်းဟရားရဲ့ ကျန်းမာရေးအခြေအနေကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ နေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ နေရာကို လွှဲပြောင်း လက်ခံခဲ့သူပါ။

ယာယီဥက္ကဋ္ဌဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ပြုလုပ်ခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အခမ်းအနားမှာ လက်ရှိနွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ကေအိုင်အိုအဖွဲ့ကိုယ်စား မိန့်ခွန်းပြောခဲ့သူလည်းဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အဖွဲ့ကို  ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ကို ၁၉၆၁ ခုနှစ်ဖေဖေါ်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လက်ရှိစစ်အာဏာသိမ်းကာလမှာ ကေအိုင်အို/ကေအိုင်အေ အဖွဲ့ဟာ အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ပြည်သူနဲ့အတူရပ်တည်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း စနစ်ကျ စစ်သင်တန်းပေးနေပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။


DVB

0 comments:

Post a Comment