Thursday, July 2, 2020

EUအနေဖြင့် ယခုနှစ် မေလမှ ဒီဇင်ဘာအတွင်း မြန်မာနိုင်ငံမှပေးရန်ရှိသည့် အတိုးနှင့်အရင်း ကန်ဒေါ်လာ ၉၈ သန်းကို ဆိုင်းငံ့ပေးထားပြီး အခြားနိုင်ငံများကိုလည်း ခေတ္တရပ်ဆိုင်းပေးရန် တောင်းဆိုပေးထား

ဥရောပသမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် မေလမှ ဒီဇင်ဘာလ ကာလအတွင်း‌ အီးယူသို့ပေးရန်တာဝန်ရှိသည့် ချေးငွေများအတွက် အတိုးနှင့်အရင်း ကန်ဒေါ်လာ ၉၈ သန်းကို ဆိုင်းငံ့ထားလိုက်ကြောင်း ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲဖြင့် မြန်မာအစိုးရသို့ တရားဝင်အကြောင်းကြားခဲ့သည်။
အကြောင်းကြားစာတွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID 19 ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ဒေသများအားလုံး စီးပွားရေးဆိုင်ရာ ထိခိုင်မှုများကြုံတွေ့ရကြောင်းနှင့် မြန်မာနိုင်ငံသည်လည်း ကိုဗစ်ကြောင့် လူမှုရေးစီးပွားရေး ထိခိုက်မှုများကို ခံစားနေရကြောင်း သိရှိရပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ COVID 19 ကြောင့် ထိခိုက်ကျဆင်းနေသည့် စီးပွားရေးကို ပြန်လည်ကုစားနိုင်ရေးအတွက် G 20 နိုင်ငံများနှင့် ပဲရစ်ကလပ်နိုင်ငံများ အကြံပြုတင်ပြလာသည့် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများအနေဖြင့် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ချေးယူထားသည့် ငွေကြေးများအတွက် ပေးဆပ်နေရသည့် အတိုးနှင့်အရင်းငွေကြေးများကို ရပ်ဆိုင်းထားရေး အီးယူအနေဖြင့် အလုံးစုံသဘောတူထောက်ခံခဲ့ပါသည်ဟု ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံသည် နှစ်နိုင်ငံသဘောတူမှုဖြင့် ချေးယူထားသည့် ငွေကြေးများအတွက် အတိုးနှင့်အရင်း ပေးဆပ်မှုကို ရပ်ဆိုင်းထားသင့်သည့် နိုင်ငံလည်းဖြစ်နေကြောင်း ဥရောပသမဂ္ဂအနေဖြင့် သတိပြုမိသည်ဟု ဆိုသည်။
ထို့အတွက် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် မေ-ဒီဇင်ဘာလ များအတွက် ပေးရန်ရှိသည့် ချေးငွေများအတွက် အတိုးနှင့်အရင်း အမေရိကန် ဒေါ်လာ ၉၈ သန်းကို ဆိုင်းငံ့ထားလိုက်ကြောင်းနှင့် ထိုငွေကြေးပမာဏ သည် မြန်မာနိုင်ငံအနေဖြင့် အဆိုပါကာလအတွင်း ပေးရန်ရှိသည့် ငွေကြေးစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းထိရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံထံမှ ရရန်ရှိသည့် အခြားကြွေးရှင်နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စီးပွားရေးပြန်လည်ကုစားရေးအစီအစဉ်များကို အားပေးကူညီသောအားဖြင့် ယခုကာလအတွင်း ရရန်ရှိသည့် အကြွေးများကို ရပ်ဆိုင်းပေးရန် တောင်းဆိုကြောင်းလည်း အကြောင်းကြားစာတွင် ထည့်သွင်းရေးသားထားသည်။
Crd : Myanmar Harp

0 comments:

Post a Comment