Wednesday, July 1, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ Russia Today TV သတင်းဌာနအား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း Russia Today TV သတင်းဌာနနှင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
Russia Today TV ။ COVID-19 ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးအခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ရုရှား လူမျိုးတွေရဲ့ အဓိက အောင်ပွဲကြီးဖြစ်တဲ့ မဟာမျိုးချစ်အောင်ပွဲ စစ်ရေးပြ အခမ်းအနားကို အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တက်ရောက်ပေးတဲ့ အတွက် အလွန်ဝမ်းသာ ဂုဏ်ယူမိပါတယ်။ အခုလို လာရောက်တဲ့အချိန်မှာ အဆွေတော်အနေနဲ့ ရုရှားလူမျိုး ၁၉ယောက်ကို မြန်မာနိုင်ငံမှ ခေါ်ဆောင်လာ ပေးတယ်လို့ သိရှိရပါတယ်။ ဒါဟာ ဝမ်းသာပီတိဖြစ်စရာ သတင်းဖြစ်ပြီး ရုရှား လူမျိုးတစ်ယောက်အနေနဲ့ အဆွ ေတော်ကို အလွန်ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး အခက်အခဲဖြစ်နေတဲ့ ရုရှားလူမျိုးတွေကို မြန်မာနိုင်ငံကနေ ရုရှား နိုင်ငံသို့ ခေါ်ဆောင်လာပေးဖို့ စိတ်ကူး ရခဲ့ပုံကို ရှင်းပြပေးပါဦးရှင့်။
ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့ မြန်မာတွေဟာ ကိုယ်ချင်းစာစိတ်ရှိကြပါတယ်။ ဗုဒ္ဓဘာသာ ဝင်တွေဟာ ကိုယ်ချင်း စာစိတ်ရှိကြ ပါတယ်။ သူများတွေ ဒုက္ခရောက်နေရင် ငါတို့ဘယ်လိုကူညီရမလဲဆိုတဲ့ စိတ်မျိုးစိတ်အခံ ရှိကြပါတယ်။ စိတ်အခံရှိတော့သူတို့ဒီလို COVID-19 ကပ်ရောဂါကြောင့် သွားလာရေး အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်လည်း ရုရှားနိုင်ငံကို လာဖို့ရှိတဲ့ အပြင် ကျွန်တော်စီးလာမယ့် လေယာဉ်မှာလည်း နေရာ တွေ အကျယ်ကြီးရှိတဲ့ အတွက် သူတို့ ကို ခေါ်လာခြင်းဖြစ်ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာလည်း ပျော်ရွှင်မှုဖြစ်မှာပါ။ သူတို့ရဲ့ဒုက္ခတွေ လွတ်ငြိမ်းသွားပြီ ဆိုတဲ့ ပျော်ရွှင်မှုမျိုးဖြစ်မှာပါ။ ဒီလိုပျော်ရွှင်မှုဖြစ်သွားတဲ့ ပီတိကို ကျွန်တော် တို့ လည်း ခံစားရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို ခေါ်လာခဲ့တာပါ။
မြန်မာနိုင်ငံသားတွေရဲ့ စိတ်အရင်းခံက ကိုယ် ချင်းစာနာတဲ့ စိတ်ရှိကြပါတယ်။ ဒါက အဓိကအချက်ပါ။
Russia Today TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ Red Square မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြ အခမ်း အနားကြီးကို တက်ရောက်ကြည့်ရှုခဲ့တယ်လို့ သိရှိထားပါတယ်။ ဒီလိုမျိုး တက်ရောက်တဲ့အချိန်မှာ တွေ့မြင်ခဲ့တဲ့ မြင်ကွင်းတွေနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့ စိတ်ခံစားချက်တွေကိုလည်း ပြောပြပေးပါ။
ဗိုလ်ချုပ်မှူးကြီး။ စစ်ရေးပြက အင်မတန် ခမ်းနားတဲ့ စစ်ရေးပြ အခမ်းအနားကြီးဖြစ် ပါတယ်။ စနစ်တကျ လုပ်ထားတာကို တွေ့ရ ပါတယ်။ စနစ်တကျလုပ်ထားပေမယ့် ဖိအား တွေနဲ့ လုပ်ထားတဲ့ စစ်ရေးပြ ပုံစံမျိုးမဟုတ် ဘူးဆိုတာ ကျွန်တော် သတိပြုမိပါတယ်။ စစ်သားအများစုမှာ ဆိုရင် ဖိအားတွေရှိကြ တယ်။ ဒါပေမဲ့ ဒီစစ်ရေးပြမှာ ညီညာမှုနဲ့ စနစ်တကျ ရှိဖို့အတွက် သူ့နေရာနဲ့သူ လုပ်ဆောင်သွားတာကို ကျွန်တော်သတိပြုမိပါတယ်။ ဒါက တစ်ချက်ပေါ့။ နောက်တစ်ခုက ဒီစစ်ရေးပြအခမ်းအနားကြီးက ရုရှားနိုင်ငံ ရဲ့ အောင်မြင်မှု၊ ရုရှား နိုင်ငံရဲ့သမိုင်း၊ ရုရှား နိုင်ငံရဲ့ဂုဏ်ကို ဖော်ပြနေပါတယ်။ ရုရှား ပြည်သူတွေရဲ့အောင်မြင်မှုကို ဖော်ပြတာ ပေါ့။ ကျွန်တော်ဆိုလည်း ဒီလိုစစ်ရေး ပြမျိုး လုပ်ရတာကို ဂုဏ်ယူမိမှာပဲ။ ရုရှားပြည်သူ တွေလည်း ဒါနဲ့ပတ်သက်ပြီး ဂုဏ်ယူနေလိမ့် မယ်လို့ ကျွန်တော် အပြည့်အဝယုံကြည် ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်းဒီလိုပါပဲ။ ကိုယ့်နိုင်ငံရဲ့အောင်မြင်မှုတွေကို
ထုတ်ဖော်ပြသတဲ့ အချိန်ကျရင် အားလုံး ဂုဏ်ယူကြတာပါပဲ။ ကျွန်တော်တို့လည်း ဒီလိုပဲ ဂုဏ်ယူခဲ့ရပါတယ်။ ဒါကြောင့် ဒီစစ်ရေးပြက အင်မတန်ကောင်းမွန်တဲ့ စစ်ရေးပြတစ်ခု၊ နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာကောင်းတဲ့ စစ်ရေးပြတစ်ခု၊ ပြည်သူ တွေအတွက် အားတက်ဖွယ်ရာဖြစ်စေတဲ့ စစ်ရေးပြတစ်ခုလို့ ကျွန်တော်ပြောလိုပါတယ်။
Russia Today TV ။ ရုရှားပြည်သူတွေ အနေနဲ့ ဒီအခမ်းအနားကို အကုန်လုံးတက် ရောက်ခွင့်မရခဲ့ပေမယ့် လည်း ရောက်ရှိနေ တဲ့နေရာတွေကနေ ကောင်းကင်ပေါ်မော့ ကြည့်ပြီး လေကြောင်းစစ်ရေးပြမှုတွေ အားလုံး ကိုကြည့်ရှုပြီးတော့ လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။ လေကြောင်းစစ်ရေးပြ မှုတွေကို အဆွေတော် ဗိုလ်ချုပ် မှူးကြီး အနေနဲ့ အခမ်းအနားမှာ နီးနီးကပ်ကပ် တွေ့မြင်ခဲ့ရမယ်လို့ ထင်ပါတယ်။ အဆွေတော် ဗိုလ်ချုပ်မှူး ကြီးတို့ နိုင်ငံ အနေနဲ့လည်း ရုရှား နိုင်ငံကထုတ်လုပ်တဲ့ လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေကိုဝယ်ယူပြီး ပျံသန်း အသုံးပြုနေ တယ်လို့သိရှိထားပါတယ်။ ဒီလိုပျံသန်းအသုံး ပြုမှုတွေနဲ့ ပတ်သက်ပြီးတော့ အဆွေတော် ဗိုလ်ချုပ် မှူးကြီး အနေနဲ့ ဘယ်လိုမျိုးကျေနပ် အားရမှုတွေရှိလဲဆိုတာ သိချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ရုရှားနိုင်ငံမှာပြသတဲ့ ရုရှား ရဟတ်ယာဉ်၊ လေယာဉ်တွေကတော့ မူရင်းပေါ့။ မူရင်းကို ကျွန်တော် တို့ဒီမှာမြင်ရတာပေါ့။ ဒါတွေက စွမ်းရည်အင်မတန်ကောင်းတဲ့၊ အရည်အသွေးရှိတဲ့ လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေဖြစ်နေတာကို တွေ့ရပါတယ်။ နောက်ပြီး ရဟတ်ယာဉ်က အမြင့်ကြီးပျံတာ မဟုတ်ဘဲ ခပ်နိမ့်နိမ့် ပျံတာပေါ့။
အဲ့ဒီအတွက် ကျွန်တော်တို့က သဲသဲကွဲကွဲ မြင်ရတယ်။ လေယာဉ်တွေကို သဲသဲကွဲကွဲမြင်ရသလို ရဟတ်ယာဉ်တွေ ကိုလည်း သဲသဲ ကွဲကွဲမြင်ရတယ်။ စွမ်းရည်ရှိတဲ့ လေယာဉ်တွေလို့ပြောရမယ်။ လေယာဉ်မှူးတွေရဲ့ မောင်းနှင်မှုက အင်မတန်ကျွမ်းကျင်ပါတယ်။
ညီညာမှုရှိတယ်လို့ ကျွန်တော်ပြောလိုပါ တယ်။ ဘာပဲပြောပြော ဒီလိုအရည်အသွေးပြည့်ဝတဲ့ လေယာဉ်တွေ ရဟတ်ယာဉ်တွေ ကိုမြင်ရတော့ မြန်မာနိုင်ငံမှာလည်း ဒါတွေ ကိုသုံးနေတာပဲဆိုပြီး ဝမ်းသာရပါတယ်။
Russia Today TV ။ ရုရှားနိုင်ငံကထုတ် လုပ်ထားတဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ပတ်သက်ပြီး ကျေနပ်အား ရမှုရှိသလား။
ဗိုလ်ချုပ်မှူးကြီး။ ရှိပါတယ်။ ကောင်းပါတယ်။ တကယ်လည်းကောင်းတဲ့ ရဟတ်ယာဉ်နဲ့လေယာဉ်တွေဖြစ်ပါ တယ်။
Russia Today TV ။ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေဆိုတာ နှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက် ရေး အောင်မြင်မှုတွေ ရဲ့ ရလဒ်တွေဖြစ်ပါတယ်။ နှစ်နိုင်ငံစစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ် တွေနဲ့ပတ်သက်ပြီးတော့ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့လက်ရှိအခြေအနေမှာ ဘယ်လိုအမြင် မျိုးတွေ ရှိပါသလဲ။ ဘယ်လို မျိုးစိတ်ခံစားမှုတွေ ရှိပါသလဲ သိချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ရုရှားနဲ့မြန်မာ နှစ်နိုင်ငံ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုဟာ ဆယ်စုနှစ် ၂ ခုကို ကျော်သွား ပါပြီ။ တော်တော်ကြာပါပြီ။ တဖြည်းဖြည်းနဲ့စခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခုဆိုရင် နယ်ပယ်က အကျယ်ကြီးဖြစ်လာပြီး ခိုင်ခိုင် မာမာလည်းဖြစ်နေပါပြီ။ ကျွန်တော်တို့နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး များစွာ အထောက်အကူရတယ်ဆိုတာ ကျွန်တော် ရိုးသားစွာပြောလိုပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဟာ ကျေနပ်ဖွယ်ရာရှိတယ်လို့ပြောလိုပတယ်။ ဒါတွေက အင်မတန် အကျိုးရှိ ပါတယ်။ ရှေ့ဆက်ပြီးလည်း နှစ်နိုင်ငံစစ်ဘက်နည်း ပညာပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ ဆောင်ရွက် သွား မယ်လို့ ကျွန်တော်ပြောလိုပါတယ်။
Russia Today TV ။ ရုရှားနိုင်ငံအနေနဲ့ အရှေ့တောင်အာရှမှာ မိတ်ဆွေနိုင်ငံတွေ အများအပြားရှိပါတယ်။ ရုရှားနိုင်ငံ အနေနဲ့ နိုင်ငံရေးပိုင်းသာမက စီးပွားရေးပိုင်းကပါတတ်နိုင်သလောက် ကူညီထောက်ပံ့ပေး နေတာ တွေရှိပါတယ်။ ဒီလိုမိတ်ဆွေနိုင်ငံ တွေထဲမှာ အဆွေတော်တို့မြန်မာနိုင်ငံဟာ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ ရုရှားနိုင်ငံအနေနဲ့ ဒီလိုမျိုး သတ်မှတ်ထားတဲ့အချိန်မှာ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရုရှားနိုင်ငံအပေါ် ဘယ်လိုအမြင်မျိုးရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့က ရုရှားနိုင်ငံကို ဒီဘက်ခေတ်ကျမှ ဆက်ဆံတာမဟုတ် ပါဘူး။ လွန်ခဲ့တဲ့နှစ် ပေါင်း ၇ဝ လောက် ကတည်းက ဆက်ဆံလာခဲ့ကြတာပါ။ ကာလ ရှည်ကြာတဲ့သမိုင်းကြောင်းနဲ့ ရှည်လျားတဲ့ ဆက်ဆံရေးတွေရှိတယ်။ ရုရှားနိုင်ငံက မြန်မာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဟိုးအရင် ကတည်းက ကူညီပေးခဲ့ တာဖြစ်ပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေဟာ နိုင်ငံရေးအရ သာမက စီးပွားရေး၊ ယဉ်ကျေးမှု နယ်ပယ် တွေမှာ လုပ်လို့ရတာ အများကြီး ရှိပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ခြင်းဖြင့် ပြည်သူတွေက တိုက်ရိုက်ပါဝင် လာပြီး ကျွန်တော်တို့ဘက်က ပြည်သူတွေက ခင်ဗျားတို့ ဘက်ကိုလာသလို ခင်ဗျားတို့ ဘက်က ပြည်သူ တွေကလည်း ကျွန်တော် တို့ဘက်ကိုလာပြီး စီးပွားရေးတွေ လုပ်ကြမယ်။ ပြည်သူတွေ ထိတွေ့မှုများ လာတာနဲ့အမျှ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဟာလည်း ပိုပြီးတော့ကောင်းလာမှာဖြစ်ပါတယ်။ ဒါတွေ ကို ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေနဲ့ ထပ်ပြီးအားဖြည့်ပေးပါတယ်။ ယဉ်ကျေးမှုကြောင့် ရင်းနှီးမှုပို ရတာပေါ့။ နှစ်ခု ပေါင်းလိုက်မယ် ဆိုရင်တော့ နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်က အများကြီး ကြီးမား ကျယ်ပြန့် လာမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
Russia Today TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ရုရှား- မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးကို တိုးတက် အောင်မြင်အောင် ဆောင်ရွက်ဖို့ဆန္ဒရှိတယ်ဆိုတာ သိရတဲ့အတွက် အရမ်းကို ဝမ်းသာပီတိဖြစ်မိ ပါတယ်။ ဒီလိုမျိုးဆန္ဒရှိနေတဲ့ နိုင်ငံတော်ရဲ့ အကြီးအကဲခေါင်းဆောင်တစ်ယောက် မြန်မာနိုင်ငံမှာ ရှိတဲ့အတွက် မြန်မာ- ရုရှားနှစ်နိုင်ငံ ချစ်ကြည်ရေးဟာ ပိုမိုတိုးတက်မှု ရရှိခဲ့တယ် ဆိုတာ လက်တွေ့ကျကျ တွေ့ရှိခဲ့ရပါတယ်၊။ အဆွေတော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ရှိ ထမ်းဆောင်နေတဲ့ တာဝန်တွေသာမက ဒီထက်ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့အထိ ဖြစ်နိုင်တယ် ဆိုတာကိုလည်း သိရှိထားပါတယ်။ ဒါကြောင့် ဒီလိုကြီး လေးတဲ့ နိုင်ငံတော်တာဝန် တွေကို ထမ်းဆောင်ခွင့်ရခဲ့မယ်ဆိုရင် ရုရှား- မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး နဲ့ဆက်ဆံရေး ပိုင်းမှာ ဘယ်လိုအစီအစဉ်တွ ေဆောင်ရွက်မယ်ဆိုတဲ့ လျာထားအစီအမံတွေများ ရှိပါသလား။
ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ကတော့ ဘယ်နေရာရောက်ရောက် ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးမြင့်မားအောင် ဆောင်ရွက်ဖို့ရှိပါတယ်။ လုပ်ဆောင် ရမယ့်နယ်ပယ်တွေလည်း အများကြီးရှိပါ တယ်။ စီးပွားရေး အရ ပူးပေါင်းဆောင်ရွက် တာတွေရှိသလို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရမယ့် နယ်ပယ် တွေရှိ ပါတယ်။ ဒါတွေက အင်မတန်အရေးကြီးပါတယ်။ ဒါတွေကိုလုပ်နိုင်မယ်ဆိုရင် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ ကမ္ဘာ့တည်ငြိမ် အေးချမ်းရေး၊ ဒေသရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေကို အထောက်အကူရမှာပါ။ ရုရှားနိုင်ငံဟာ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လုပ်နိုင်မယ်ဆိုရင် အောင်မြင်မှု ရလဒ်ရရှိလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ရုရှား- မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အဓိက ထားပြီး မေးတဲ့အတွက် ကျွန်တော် တစ်ခုဖြည့်စွက် ပြောချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ နိုင်ငံတွေအားလုံးနဲ့ လွတ်လပ် တဲ့ဆက် ဆံရေး ရှိတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒနဲ့အညီ ကျွန်တော် တို့ဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ကမ္ဘာ့နိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ဘယ်နယ်ပယ်မှာမဆို နှစ်နိုင်ငံစလုံးအတွက် အကျိုး ရှိမယ်၊ ဒေသအတွက် အကျိုးရှိမယ်၊ ကမ္ဘာကြီးအတွက် အကျိုးရှိမယ်ဆိုရင် နိုင်ငံအားလုံးနဲ့ စိတ်တူသဘောတူ လုပ်လို့ရမယ့် နယ်ပယ်မှန်သမျှ လုပ်ချင်ပါတယ်။ ကျွန်တော့် စိတ်ထဲမှာရှိတဲ့ အတိုင်း ပြောတာပါ။ ရုရှားနိုင်ငံက ကျွန်တော်တို့ အပေါ်မှာ အမြဲတမ်းနားလည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ပေးတဲ့ နိုင်ငံမျိုးဖြစ်တဲ့ အတွက် ကျွန်တော်တို့ ဦးစားပေးစဉ်းစားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက် ဖို့ရှိတဲ့ ဘယ်နိုင်ငံနဲ့မဆို ကျွန်တော်တို့ပူးပေါင်းဆောင် ရွက်သွားမယ်ဆိုတာပြောပါရစေ။
Russia Today TV ။ အဆွေတော် ဖြေကြားခဲ့သလိုပါပဲ။ ဒီလိုမျိုးဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့၊ ဆောင်ရွက် နိုင်ဖို့ အင်အားရှိတဲ့ နိုင်ငံအကြီးအကဲ တစ်ယောက်က ဘယ်နေရာ မှာပဲဖြစ်ဖြစ် ဒါတွေကိုဆက်လက်ဆောင်ရွက် မယ်ဆိုတာ အပြည့်အဝယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီထက်လုပ်ပိုင်ခွင့်ရှိပြီး ဆောင်ရွက်ခွင့်ရှိတဲ့ တာဝန် တွေကိုထမ်း ဆောင်ပြီး နိုင်ငံ့အကျိုး၊ ကမ္ဘာ့အကျိုးနဲ့ ငြိမ်းချမ်းရေးရရှိအောင် သယ်ပိုးထမ်းဆောင် နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ယခုလိုပြောကြားပေးတဲ့ အတွက် အဆွေတော်ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ဒီလိုမျိုး စိတ်ဆန္ဒရှိပါတယ်။
Russia Today TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တော့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ လောလောဆယ် ကမ္ဘာပေါ်မှာ ဒေသတွင်းလုံခြုံရေး၊ ကမ္ဘာ့လုံခြုံရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် အရေးကြီးဆုံး အန္တရာယ်ပြုနေသူတွေကတော့ အကြမ်းဖက် သောင်းကျန်း သူတွေဖြစ် ပါတယ်။ ဒီလိုအကြမ်းဖက် သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီးတော့ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ အနည်းငယ် ပြောကြားပေးစေလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ အကြမ်းဖက် သောင်းကျန်းသူ ဘာကြောင့်ပေါ်လာသလဲ။ ကျွန်တော်တို့က သူတို့ရဲ့နောက်ခံ ဇာစ်မြစ်ကို ကြည့်ဖို့ လိုပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် တစ်အချက်ကတော့ နိုင်ငံရေးအရ ဖြေရှင်း ရမယ်။ ဒုတိယအချက်ကတော့ စစ်ရေးအရ ဖြေရှင်းရမယ်။ အကြမ်းဖက်တယ်ဆိုတာ လက်နက်နဲ့ သတ်ဖြတ်မှုတွ တွေလုပ် တဲ့ ကိစ္စဖြစ် တယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ စစ်ရေး အရ ပြန်ပြီးရင်ဆိုင်ဖြေရှင်းမှာပေါ့။ စစ်ရေး အရ ဆိုရင်တော့ တစ်ဖက်လူကို အင်အားချည့်နဲ့ သွားအောင်လုပ်ရမှာပေါ့။ ဒါတွေကို ဦးစားပေးလုပ်ရမှာပေါ့။ ကျွန်တော်တို့က သူတို့ရဲ့ခြေတွေ၊ လက်တွေကိုဖြတ် တောက်နိုင်တယ်။ အမြစ်တွေ ဖြတ်တောက်နိုင်တယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနေနဲ့ ယိမ်းယိုင် သွားမှာဖြစ်ပါတယ်။ အဲ့ဒီအခါကျရင်တော့ သက်ဆိုင်ရာ ကာယကံရှင်နိုင်ငံ တစ်ခု၊ Respective ဖြစ်တဲ့ နိုင်ငံတစ်ခုနဲ့ မရဘူး။ ကျန်တဲ့ နိုင်ငံများကလည်း ဝိုင်းဝန်း ကူညီ မှရမယ်။ အကြမ်းဖက်မှုဆိုတာကလည်း အဖွဲ့အစည်းတစ်ခုတည်း၊ သူ့ရဲ့ Only ရပ်တည်ချက်ဆိုတာ ဘယ်အကြမ်း ဖက် အဖွဲ့ အစည်းမှာမှမရှိဘူး။ သူတို့ရဲ့ နောက်မှာ အားပေးကူညီမှုတွေ၊ ပံ့ပိုးမှုတွေရှိတယ်။ ဘဏ္ဍာရေးအရ၊ ငွေကြေးအရ အားပေးကူညီမှုတွေရှိတယ်။ လက်နက်၊ ခဲယမ်း အားပေးကူညီမှုတွေ ရှိတယ်။ စားနပ်ရိက္ခာ အားပေးကူညီမှုတွေ ရှိတယ်။ ငွေကြေးအား ပေးကူညီမှုတွေရှိတယ်။ လူအင်အား အားပေး ကူညီမှု တွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ဘယ်လိုဖြတ်တောက်မလဲ။ အကြမ်းဖက် အဖွဲ့အစည်းကို ရင်ဆိုင်နေတဲ့ သက်ဆိုင်ရာ နိုင်ငံအဖွဲ့အစည်းတွေက သူတို့နဲ့ပူးတွဲဆောင် ရွက်နေတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် ဖို့လိုတယ်။ ဒါတွေမှာ သံတမန်ရေးရာ ကိစ္စတွေကလည်း သိပ်စကားပြောပါတယ်။ ပြောရရင်တော့ မိတ်ဆွေ ကောင်းတွေ လိုတာပေါ့။
ပူးပေါင်း ဆောင်ရွက်မယ့် မိတ်ဆွေကောင်းတွေရမယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။ မိတ်ဆွေကောင်း ပီသမှုနဲ့ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေ ကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ချေမှုန်းနိုင် ပါလိမ့်မယ်။ ဒီလိုမျိုးမဟုတ်ဘဲ နောက်ကနေပြီးတော့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အပြည့်အဝမလုပ်ဘဲ သူတို့လည်း လှုပ်သာ လူးသာဖြစ်အောင် ဒီဘက်မှာလည်း အဆင် ပြေအောင်ဆိုပြီး အဲလိုလုပ်နေမယ်ဆိုရင် အကြမ်းဖက်မှု နှိမ်နင်းရေးမှာ အခက်အခဲ ရှိနေလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြန်ပြီးအနှစ်ချုပ်လိုက်ရင် အချက် ၃ ချက်ပဲရှိပါတယ်။ ပထမအချက်ကတော့ စစ်ရေးနည်း လမ်းအရ အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့ကို နှိမ်နင်းတာ ပေါ့။ ဒုတိယအချက်ကတော့ နိုင်ငံရေးအရ သူတို့နဲ့ Negotiate လုပ်ပြီး ဆွေးနွေးပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ဖြေရှင်းတာပေါ့။ တတိယ အချက်ကတော့ ခုနကပြောတဲ့သံတမန်နည်းလမ်းအရ ဖြေရှင်းတာဖြစ်ပြီး မိတ်ဆွေ နိုင်ငံ တွေ၊ အိမ်နီး ချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းတာပေါ့။ ဒီနည်းလမ်း ၃ ခုနဲ့ပဲ ဖြေရှင်း လို့ရပါမယ်။
Russia Today TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး ဖြေကြားခဲ့တဲ့အဖြေတွေက အရမ်း တန်ဖိုးရှိပါတယ်။ ရုရှား တပ်မတော် မှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေတောင်မှ ဒီလို အတွေးအခေါ် မျိုးတွေ မရှိပါဘူး။ နိုင်ငံ့တာဝန်ထမ်းဆောင် နေတဲ့ နိုင်ငံတော်အကြီးအကဲတွေမှာပဲ ဒီလို မျိုး အတွေးအခေါ်တွေရှိပါတယ်။ နိုင်ငံရေး သမားတွေဆီမှာပဲ ဒီလိုမျိုးအတွေးအခေါ်တွေရှိပါတယ်။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တပ်မတော် တာဝန်တွေ ထမ်းဆောင်နေရင်းနဲ့တောင်မှ ဒီလိုမျိုးပြည်သူတွေ အတွက်၊ တစ်ကမ္ဘာလုံးအတွက် တွေးပေး နိုင်တယ်ဆိုတာ အရမ်းဂုဏ်ယူရပါတယ်။ လတ်တလောမှာတော့ ကမ္ဘာမှာ အကြမ်းဖက် သောင်းကျန်းသူ တွေကိုသာ တိုက်ခိုက်နေရတာမဟုတ်ပါဘူး။ COVID-19 ကပ်ရောဂါ ဆိုးကြီးကို လည်း တိုက်ခိုက်နေရပါတယ်။
COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ဘာများပြောလို ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ COVID-19 ကပ်ရောဂါ နဲ့ပတ်သက်ပြီး တစ်နိုင်ငံတည်းလုပ်လို့တော့မရပါဘူး။ နိုင်ငံအားလုံး ပူးပေါင်းဆောင် ရွက်ဖို့လိုပါတယ်။ နိုင်ငံတွင်းနေထိုင်တဲ့ ပြည် သူပြည်သားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု တွေလည်း လိုအပ်ပါတယ်။ ဒါ့ပြင် အစိုးရ၊ ဒါမှမဟုတ် အုပ်ချုပ်သူအဖွဲ့အစည်းတွေက လုံလောက်တဲ့ပံ့ပိုးပေးမှုတွေ လုပ်ပေးဖို့လည်း လိုပါတယ်။ ဒါကတော့ အင်မတန်လိုအပ်တဲ့ ကိစ္စတွေပါပဲ။ ဒီရောဂါကို ကျွန်တော်တို့ တားထား လို့မရဘူး။ ဘယ်နေရာကနေ ဝင်လာမလဲဆိုတာ ကျွန်တော်တို့မပြောနိုင် ဘူး။ မြင်လည်းမမြင်ရဘူး။ ကြားလည်း မကြားရဘူး။ အနံ့လည်း မရဘူး။ လွန်စွာ ကြီးမားတဲ့ အန္တရာယ်တစ်ခုပါ။ ဒီကိစ္စကို နိုင်ငံအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုအပြည့် အဝလိုအပ်ပါတယ်။ ဒါက နံပါတ် ၁ အချက် ဖြစ်ပါတယ်။ နောက်တစ်ခါ လုပ်ပေးနိုင် တဲ့သူ တွေက ဝိုင်းဝန်းကူညီဖို့လိုပါတယ်။ ငါနဲ့ မဆိုင်ဘူးဆိုပြီး နေလို့တော့မရဘူး။ အားလုံး ဝိုင်းဝန်း ကူညီရပါမယ်။ ဥပမာအနေနဲ့ဆိုရင် ကိုယ့်ကြောင့်မဖြစ်အောင်၊ သူ့ကြောင့် မဖြစ်အောင် ကိုယ် ဘယ်လို လုပ်မလဲဆိုတာ ဒီလိုမျိုး စဉ်းစားရပါမယ်။ ဒါဟာ ငါနဲ့မဆိုင်ဘူးဆို ပြီး နေလို့ရှိရင်တော့ အဲ့ဒီရောဂါဟာ သူ့ဆီ အချိန်မရွေး ရောက်လာနိုင်ပါတယ်။ ကျွန်တော် တို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းကို စိတ်ပူပါတယ်။ ဖြစ်နိုင်ရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူတွေအားလုံး၊ ပြည်သူတွေအားလုံး၊ နိုင်ငံအားလုံး လိုက်နာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါနဲ့ ပတ်သက်ပြီး အခုအချိန်အထိ ဘာအာမခံ ချက်မှ မပေးနိုင် သေးပါဘူး။
Russia Today TV ။ ဒီနေ့မှာဆိုရင် ရုရှား နိုင်ငံမှာ ၇၅ နှစ်မြောက် မျိုးချစ်မဟာအောင်ပွဲ စစ်ရေးပြ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အဆွေတော်တို့ မြန်မာနိုင်ငံမှာလည်း ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၂၇ ရက်က ၇၅ နှစ်မြောက် စိန်ရတု တပ်မတော်နေ့ ဖြစ်ပါတယ်။ အခမ်း အနားကို မကျင်းပနိုင်ခဲ့ပေမယ့်လည်း အောင်ပွဲဆို တာတော့ အတူတူပဲဖြစ် ပါတယ်။ နှစ်နိုင်ငံမှာ ဒီလိုတူညီတဲ့အောင်ပွဲတွေရှိပြီး အတူတကွ လက်တွဲ ဆောင်ရွက် နေရတဲ့ အတွက် လည်း အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ တစ်ခုတွေးမိတာက ဒီလို အဖြစ်ဆိုးတွေ ကမ္ဘာ့ စစ်ကြီးတွေ ဖြစ်ပေါ်ခဲ့တာကို ပြန်တွေးကြည့်မယ်ဆိုရင် နောင်တစ်ချိန် ဒါမျိုးမဖြစ်အောင် ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ အနေနဲ့ ဘယ်လိုစုဝေး သင့်တယ်။ ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတာကိုလည်း ကြားသိ လိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ အတိတ်ဆိုတာတော့ ရှိပါတယ်။ အတိတ်ဆိုတာ သင်ခန်းစာယူ ဖို့ပါပဲ။ အတိတ်ကို လက်ညှိုး ထိုးပြီး ပြဿနာ ရှာနေလို့ကတော့ ဘယ်တော့မှ မပြီးနိုင်ပါ ဘူး။ အခု ကျွန်တော်တို့ရဲ့ အောင်ပွဲဆိုတာ ကလည်း ဖက်ဆစ်ကို အောင်မြင်ခဲ့တာပါ။
လူမျိုးကို၊ နိုင်ငံကို အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖက်ဆစ်စနစ်ကို တိုက်ထုတ်လိုက်တာ၊ မရှိအောင် လုပ်တာပေါ့။ အဲ့ဒီ တော့ ဒီလိုမျိုးမဖြစ်အောင် ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစား ဖို့ပေါ့။ ငါတို့အပေါ်မှာ အနိုင်ကျင့်သွားတာ ဆိုပြီး၊ ဒီဟာကို ဒီအတိတ်ကို လက်ညှိုးထိုးပြီးတော့ လုပ်နေမယ် ဆိုရင်တော့ ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးအတွက် ဘယ်လိုမှ အာမခံချက်ရှိမှာမဟုတ်ပါဘူး။ ဘယ်လိုပဲစဉ်းစား၊ စဉ်းစား ဒီအဖြေပဲထွက်မှာပါ။ဒါ ကြောင့် အကောင်းဆုံးကတော့ ဒီအပေါ်မှာ သင်ခန်းစာ ယူပြီးတော့မှ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မဖြစ်အောင် ငါတို့ဘယ်လို လုပ်မလဲ။ ဒီထက်ကောင်းအောင် ဘယ်လို လုပ်မလဲ။ ဒီထက်ပိုပြီး တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့အမြင်မျိုးနဲ့ ကမ္ဘာ့နိုင်ငံ အားလုံးက လုပ်မယ်ဆို ရင်တော့ ကမ္ဘာကြီး ဟာ တည်ငြိမ်အေးချမ်းမှု၊ တိုးတက်မှုတွေရရှိ လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
Russia Today TV ။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမှာ ၉ ဂဏန်းဟာ Lucky ဂဏန်း လို့သိရှိရပါတယ်။ အခုလည်း ၉ ဂဏန်း ကို Lucky ဂဏန်းအဖြစ် မြန်မာပြည်သူတွေက ယုံကြည်တယ်လို့သိရှိရပါတယ်။ ရုရှားနိုင်ငံရဲ့ မျိုးချစ်အောင်ပွဲ အခမ်းအနား ကြီးရဲ့ မူရင်း Date ကလည်း မေလ ၉ ရက် ဖြစ်ပါတယ်။ မေလ ၉ ရက်မှာ ကျင်းပခဲ့ ရမှာဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ယနေ့မှ ကျင်းပခဲ့ရတာဖြစ်ပါတယ်။ အဆွေတော်တို့ မြန်မာနိုင်ငံ မှာလည်း ၇၅ နှစ်မြောက် စိန်ရတုတပ်မတော်နေ့ဟာ မတ်လ ၂၇ ရက် ဖြစ်တဲ့အတွက် ဒါကလည်း ၉ ဂဏန်းပါပဲ။
အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တပ်မ တော်နေ့အခမ်းအနားကို ပြန်လည်ကျင်းပမယ်ဆိုလို့ရှိရင် ဘယ်လို နေ့မျိုးကို ရွေးချယ် ပြီးတော့ ကျင်းပသွားမယ်။ ဘယ်တော့ လောက်မှာ ကျင်းပသွားမယ်ဆိုတာလေး သိချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ဘယ်တော့လောက် ကျင်းပရမလဲဆိုတာကတော့ လက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါ အခြေ အနေကို ဘယ်လိုထိန်းနိုင်မလဲ ဆိုတာလေးကို တစ်ချက်စဉ်းစားရမှာပေါ့။ နောက်တစ်ခုက ရာသီ ဥတုကို လည်း စဉ်းစားရမှာပေါ့။ နိုင်ငံမှာ လုပ်နေတဲ့ကိစ္စတွေက ကျွန်တော်တို့အတွက် ဘယ်လိုများ အဆင်ပြေနိုင်မလဲ ဆိုတာ စဉ်းစားရတာပေါ့။ ဒီအပေါ်မှာမူတည်ပြီး လုပ်ရမှာပေါ့။ ခင်ဗျား ခုနက ပြောသလိုပဲ ၉ ဂဏန်းဆိုတာကို ကျွန်တော်တို့ ဆီမှာ လူတော်တော်များများက အလေးထားတဲ့ရက်တွေဖြစ်ပါတယ်။ ၂၇ ရက်ကလည်း ၉ ဂဏန်းပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နောင်လုပ်မယ့် စစ်ရေးပြအခမ်း အနားကြီးကို ကံကောင်းစေမယ့်ရက် တစ်ခု ကိုရွေးပြီးတော့လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ ရည်ရွယ်တယ်ဆိုပေမယ့်လည်း သက်ဆိုင်ရာ အကြောင်းအရာတွေ အများ ကြီးရှိပါသေးတယ်။ ဒီအကြောင်းအရာတွေ အပေါ်မူတည်ပြီး စဉ်းစားရမှာပေါ့။ ဒီရက် မှာ လုပ်မယ်လို့ ရွေးထားပြီးတော့ ရွေးထား တဲ့ရက်အတိုင်းလုပ်တဲ့အချိန်မှာ အကြောင်းကြောင်းကြောင့် အနှောင့် အယှက်တွေဖြစ် လာခဲ့ရင် ကိုယ်လည်း စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်က တော့ ဘယ်ရက် အဆင်ပြေမလဲဆိုတာ ဦးစား ပေးပြီး စဉ်းစားရမှာပါ။
Date ။ ဒီလိုမျိုးရက်ကောင်း ရက်မြတ်ရွေးပြီးတော့ ကျင်းပတဲ့အချိန်မှာပဲ တကယ်လို့ ရွေးလိုက်တဲ့ရက်မှာ အောင် အောင်မြင်မြင် ကျင်းပဖြစ်သွားတယ်ဆိုရင် အဲ့ဒီရက်ဟာ ရက်ကောင်းရက်မြတ်ပါပဲ။ ရက်ကောင်း ရက်မြတ်ဖြစ်လို့ ကျင်းပတာ မဟုတ်ပါဘူး။ ကျင်းပလို့ ရက်ကောင်းရက် မြတ်ဖြစ်သွားတာဖြစ် ပါတယ်။ ရုရှားနိုင်ငံမှာလည်း ယနေ့ကျင်းပလိုက်တဲ့ အတွက် ယနေ့၂၄ ရက်ဟာလည်း ရက်ကောင်းရက်မြတ် တစ်ခုဖြစ် သွားပါပြီ။ ဒါကြောင့်မို့ အဆွေတော် ဗိုလ်ချုပ်မှူးကြီးတို့ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုး ရက်ကောင်း ရက်မြတ်တစ်ခုမှာ ကျင်းပ နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျင်းပတဲ့ အချိန်မှာလည်း ခမ်းခမ်းအနားနားကျင်းပ မယ်ဆိုတာ ကြားသိထားရတဲ့ အတွက် ဒီအခမ်းအနားကို ရုရှားနိုင်ငံလိုပဲ တစ်ကမ္ဘာလုံး သိအောင် ပြစေချင်လား ဆိုတဲ့ ဆန္ဒလေးကို သိရှိလိုပါတယ်။ တကယ်လို့ တစ်ကမ္ဘာလုံး သိအောင်ပြချင်တယ်ဆိုရင်လည်း Russia Today TV Channel ကနေ ကူညီပေးဖို့ အသင့်ရှိပါတယ်။ ဖိတ်ကြားခဲ့ရင် လာရောက် ရိုက်ကူးပြီးတော့ တစ်ကမ္ဘာ လုံးကို ပြသပေး ချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ စစ်ရေးပြအခမ်းအနားတွေဆိုတာကတော့ ပထမတစ်ချက် တိုင်းပြည်ရဲ့ ကာကွယ်ရေးစွမ်း ပကား ဘယ်လောက် ရှိတယ်။ တိုင်းပြည်ရဲ့ ကာကွယ်ရေးစိတ် ဓာတ်တွေ ဘယ်လောက်ရှိသလဲ။ ပြည်သူ တွေရဲ့ တိုင်းပြည် ချစ်စိတ် ဘယ်လောက်ရှိ သလဲ။ ဒါတွေကို ပြသတာပါ။ ဒီနေ့ အခမ်းအနားက လက်တွေ့ပြတာပေါ့။ ကမ္ဘာ့နိုင်ငံ တွေကို ကြည့်လိုက်ရင်လည်း သူတို့ရဲ့ နှစ်ပတ် လည်စစ်ရေးပြကြီးကို ကြီးကြီးကျယ်ကျယ် လုပ်ပြီး တော့မှ အကုန်လုံးပြကြတာပေါ့။
တကယ်တော့ ဒါတွေက သူများကို ခြိမ်း ခြောက်ဖို့မဟုတ်ပါဘူး။ ငါတို့ရဲ့ ကာကွယ်ရေးစွမ်းပကားဘယ်လောက် ရှိတယ်။ တိုင်းပြည် ရဲ့ စည်းလုံးညီညွတ်မှု ဘယ်လောက်ရှိတယ်။ တိုင်းပြည်ရဲ့ စိတ်ဓာတ် ဘယ်လောက်ရှိ တယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ် ဘယ်လို ရှိတယ်ဆိုတာ ပြတာပါ။ ကျွန်တော်တို့ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးပြ အခမ်းအနား တွေကို ခမ်းခမ်းနားနားလုပ်ခဲ့ပါတယ်။ လာမယ့် ၇၅ နှစ်မြောက် စိန်ရတုတပ်မတော် နေ့ စစ်ရေးပြ အခမ်းအနားကို ခမ်းခမ်းနားနား လုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ကမ္ဘာကို လည်းပြမှာပါ။ Live လည်း ကျွန်တော်တို့ လွှင့်မှာပါ။ RT က လာပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် ဝမ်းမြောက်စွာကြိုဆိုကြောင်း ကျွန်တော် ပြော လိုပါတယ်။ ကျွန်တော် ဖိတ်လိုက်ပါမယ်။ စစ်ရေးပြအခမ်းအနား တစ်ခုပဲတော့ Promotion မလုပ်ဘဲ လာမယ်ဆို ရင် မြန်မာနိုင်ငံရဲ့ သာယာလှပမှု၊ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ချစ်ခင်ရင်းနှီးစွာ နေတတ်တဲ့ အပြုအမူတွေ၊ မြန်မာနိုင်ငံမှာ လူတွေအားလုံး ညီညီညွတ်ညွတ်နဲ့ နေကြတဲ့ဟာတွေ၊ ဘာသာအားလုံး စုစည်းပြီး ညီညီ ညွတ်ညွတ်နဲ ့နေကြတဲ့ဟာတွေ၊ အမှန်တရား တွေကို ခင်ဗျားတို့ရိုက်ပြီး ကမ္ဘာကိုပြပေးမယ် ဆိုရင် ခင်ဗျားတို့ အတွက်လည်း ကောင်းသလို မြန်မာနိုင်ငံအတွက်လည်း ကောင်းပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရင် းနှီးမှု အတွက် လည်း ကောင်းပါတယ်။ ဒါပေမဲ့ ပြမယ်ဆိုရင်တော့ ကဏ္ဍပေါင်း စုံကနေ ခင်ဗျားတို့လေ့လာပြီး ပြပေးဖို့ ကျွန်တော်ပြောလိုပါတယ်။
Russia Today TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အခုလိုမျိုးဖြေကြား ပေးတဲ့အတွက် ကျေးဇူး တင်ကြောင်း ပြော လိုပါတယ်။ အခုလိုမျိုး ဖိတ်ကြားမယ်ဆို တာ သိရတဲ့အတွက်လည်း ကျေးဇူးတင် ကြောင်းနဲ့ မိမိတို့ ရုရှား နိုင်ငံရဲ့ အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးတဲ့ အတွက်လည်း ရုရှားလူမျိုး တစ်ယောက် အနေနဲ့ ကျေးဇူး တင်ကြောင်း ထပ်မံပြောကြား လိုပါတယ်။
အဆွေတော်တို့ မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းရေး ရရှိပြီးတော့ တည်ငြိမ်အေးချမ်းပြီး တိုးတက်အောင်မြင်မှုတွေနဲ့ ဖြတ်သန်းနိုင် ပါစေလို့ ဆုတောင်းပေးပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ကောင်းပါပြီ၊ တောင်းတဲ့ ဆုနဲ့ ပြည့်ပါစေလို့လည်း ကျွန်တော်ပြန်ပြီး ဆုတောင်းပါတယ်။
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment