Friday, December 28, 2018

တပ်မတော်နှင့် ပတ်သက်သည့် သတင်းများ အတည်ပြုချက်မယူဘဲ သတင်းရေးသားပါက အရေးယူမည်ဟု တပ်မတော်ထုတ် ပြန်


တပ်မတော်နှင့် ပတ်သက်သည့် သတင်းများကို စိစစ်အတည်ပြုချက်မရယူဘဲ ထုတ်ပြန်ပါက အရေးယူမည်ဟု တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ 
“တပ်မတော်ရဲ့ အနာဂတ်လုပ်ငန်းတွေနဲ့ အများပြည်သူ မသိသင့် မသိထိုက်တဲ့ အကြောင်းအရာတွေကလွဲပြီး ကျန် ဖြစ်စဉ်တွေ ကို သက်ဆိုင်ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေက တိုင်းဦးစီးဗိုလ်မှူးကြီးတွေထံက သတင်း ရ ယူဖို့နဲ့ စိစစ်အတည်ပြုနိုင်ရေး ခွင့်ပြုထားပြီးဖြစ်ကြောင်း တရားဝင်ညွှန်ကြား ထားပြီးဖြစ် ပါတယ်။ 

အဲဒါကြောင့် သတင်းဌာနတွေ အနေနဲ့ တပ်မတော်သတင်းတွေကို သက်ဆိုင်ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေက တိုင်းဦးစီး ဗိုလ်မှူးကြီးတွေထံ သတင်းစိစစ်အတည်ပြုတာတွေ ပြုလုပ်ပြီးမှသာ ပြည်သူကို အမှန်အတိုင်း တင်ပြနိုင်ရေး ဆောင်ရွက်ဖို့ လို အပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ချက်တွေအပေါ် အထင်အမြင်လွဲမှားစေမယ့် မဟုတ်မမှန် သတင်းထုတ်ပြန်မှု တွေကို မပြုလုပ်ကြဖို့ လိုအပ်ကြောင်းနဲ့ တပ်မတော်သတင်းတွေကို စိစစ်အတည်ပြုတာမရှိဘဲ ဆက်လက် ထုတ်ပြန်လာပါက သက်ဆိုင် ရာသတင်းဌာနတွေကို ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ဒီဇင်ဘာလ ၂၄ ရက်က ကွတ်ခိုင်မြို့နယ်၊ ရွှေမှော်ကျေးရွာအနီးတွင် TNLA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်မှုအပေါ် ပြည်တွင်းသတင်းဌာန၊ ဂျာနယ်တို့တွင် သတင်းရေးသားခဲ့ကြပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း ဒီဇင်ဘာလ ၂၅ ရက်က သတင်းထုတ်ပြန် ခဲ့သည်။ 

ထို့ပြင် သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု တွန်းကြိုင်းကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်များက ရှမ်းပြည် တိုးတက် ရေးပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် စစ် ကြောင်းများက (RCSS) ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာအချို့နှင့် ပြည်ပသတင်း မီဒီယာများက ၎င်းသတင်းအပေါ် စိစစ်အတည်ပြုချက်မယူဘဲ ထပ်ဆင့်ထုတ်လွှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ထိုသို့ ထပ်ဆင့်ထုတ်လွှင့်မှုများသည် တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် တစ်ဖက်တည်းမှ ပြောဆိုမှုများကို ကိုကားပြီး ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေမှုအား ပျက်ပြားစေရန် ရေးသားထုတ်လွှင့်နေခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

တပ်မတော်အနေဖြင့် ဒီဇင်ဘာလ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အထိ မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် တြိဂံတိုင်းနယ်မြေများကို စစ် ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုရပ်ရှားမှုအားလုံးကို ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလလ၂၅ ရက်က ထုတ် ပြန်ထားသည်။ 

AKon Thi

0 comments:

Post a Comment