Thursday, December 27, 2018

ရတနာပုံတက္ကသိုလ်ကျာင်းသားများ တောင်းဆိုသည့် လုံခြုံရေး မပေးခဲ့မှု ကန့်ကွက်သည့်အနေဖြင့် အစိုးရအာဏာပိုင်များ၏ အသုဘ အခမ်းအနား ပြုလုပ်မည်ဟုဆို


မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတက္ကသိုလ်အပါအ၀င် တက္ကသိုလ်များတွင် လုံခြုံရေးပေးရန် ကျောင်းသားများက တောင်းဆိုခဲ့သော်လည်း လုံခြုံရေးပေးရန် ပျက်ကွက်မှုကြောင့် ယခုနောက်ဆုံး ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းအသတ်ခံခဲ့ရရာ ယင်းသို့ ပျက်ကွက်မှုကို ဆန့်ကျင်သောအားဖြင့် အာဏာပိုင်များ၏ အသုဘအခမ်းအနားတစ်ရပ်ကို ယနေ့ကျင်းပမည်ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က ပြောသည်။ 
"ကျနော်တို့ ကျောင်းမှာ၊ ကန်ပတ်လမ်းဘက်မှာ လုံခြုံရေးပေးဖို့ ၈ လပိုင်းကတည်းက တောင်းဆိုခဲ့တာ။ လျစ်လျူခဲ့တယ်။ မူးယစ်ဆေးဝါးတွေ မိတယ်။ ကျောင်းသားတွေကျောင်းသူတွေ ခဏခဏ အရိုက်ခံရ ဖုန်းတွေအလုခံရတယ်။ အခုနောက်ဆုံး ကိုစိုးမိုးဟိန်း အသတ်ခံရတယ်။ ဒါကို ကန့်ကွက်တဲ့အနေနဲ့ အသုဘအခမ်းအနား လုပ်မှာပါ" ဟု ကိုကျော်သီဟရဲကျော်က ပြောသည်။ 

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ယနေ့ နေ့လယ် ၁ နာရီတွင် တက္ကသိုလ်တွင်ပင် အသုဘအခမ်းအနား ကျင်းပမည်ဖြစ်ပြီး ယင်းအသုဘအခမ်းအနားသည် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့ကို ရည်စူး၍ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ 

ရတနာပုံတက္ကသိုလ်ကုန်ထုတ်ဓာတုဗေဒ ကျောင်းသား ကိုစိုးမိုးဟိန်းသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီခန့်က အမရပူရမြို့နယ်၊ တောင်သမန်ကန်ပတ်လမ်းတာရိုးအုတ်တံတိုင်းပေါ်တွင် ဓားထိုးခံခဲ့ရပြီး ကွယ်လွန်ခဲ့သည်။ 

ဓာတ်ပုံ- ဒီဇင်ဘာလ ၂၅ ရက်နေ့က ဓားထိုးခံရမှုကြောင့် ကွယ်လွန်ခဲ့သော ကျောင်းသား ကိုစိုးမိုးဟိန်း။


Khit Thit Media 


0 comments:

Post a Comment