Friday, December 28, 2018

ယခုနှစ်အတွင်း ဟင်္သာတမြို့၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသူများတွင် ဝန်ထမ်း၊ ကျောင်းသား၊ အရပ်သား နယ်ပယ်စုံ ပါဝင်နေ

ဟင်္သာတမြို့၌ ယခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသူများတွင် ဝန်ထမ်း၊ ကျောင်းသား၊ အရပ်သား နယ်ပယ်စုံ ပါဝင်နေကြောင်း သိရသည်။ 
ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း လက်ရှိအချိန်ထိ ဟင်္သာတမြို့၌ မူးယစ်ဆေးမှု ၁၃ မှု ဖမ်းဆီးရမိခဲ့ပြီး တရားခံ ၁၇ ယောက် ဖမ်းဆီးထားကြောင်း ဟင်္သာတမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ထံမှ သိရသည်။ 

“ဇန်နဝါရီကနေ ဒီဇင်ဘာလအတွင်း မူးယစ်ဆေးအမှု ၁၃ မှု ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံက ၁၇ ယောက် ရှိပါတယ်။ နယ်ပယ်ကတော့ အစုံပါတယ်။ ဝန်ထမ်းလည်း ပါတယ်။ ကျောင်းသားလည်း ပါတယ်။ စီးပွားရေးလုပ်ငန်းသမားလည်း ပါတယ်။ လူငယ်တွေ များပါတယ်။ လူလတ်ပိုင်းတွေလည်း တချို့ပါတယ်။ အသက်က ၂၀ နဲ့ ၃၀ ကြား၊ ၃၀ နဲ့ ၄၀ ကြားပေါ့။ တချို့ကို သုံးစွဲနေတုန်းမိတယ်။ တချို့ကို ရောင်းဝယ်နေတုန်း မိတယ်။ အနည်းဆုံး ၁၀ ပြားကျော်ကနေ အပြား ၂၀၀ ကျော်အထိ မိတာတွေ ရှိပါတယ်ဟု ဟင်္သာတမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် နေမျိုးလင်းက ပြောကြားသည်။ 

ဟင်္သာတမြို့၌ ယခုနှစ်အတွင်း ဆေးခြောက်၊ ၈၈ အမှတ်တံဆိပ် စိတ်ကြွဆေးပြား နှင့် WY စိတ်ကြွဆေးပြားများ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

“မြန်အောင်၊ ဇလွန်၊ ရန်ကုန်၊ လှိုင်သာယာ၊ မှော်ဘီ၊ ပုသိမ် အဲဒီ့ဘက်က လူတွေက ဒီမှာလာရောင်းတာတွေ တွေ့ရတယ်။ လာရောင်းတဲ့အချိန် မိတာပေါ့။ ဟင်္သာတက လူတွေလည်း ပါတယ်။ ဟင်္သာတကတော့ နည်းတယ်။ ဒီကနေ ကွင်းဆက်အရ အခြားနယ်က မိတာတွေလည်း ရှိတယ်။ အဓိကကတော့ ရန်ကုန်ဘက်က လာတာများတယ်။ ပြည်ဘက်က လာတာလည်း ရှိတာပေါ့။ ပဲခူးတိုင်းဘက်ကပေါ့။ မူးယစ်ဆေး ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေကိုလည်း ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ သတင်းရရင် ရသလို ဖမ်းဆီးနေပါတယ်”ဟု နယ်ထိန်းခေါင်းဆောင် ရဲအုပ်နေမျိုးလင်းက ပြောကြားသည်။ 


Eleven Media Group

0 comments:

Post a Comment