Thursday, December 27, 2018

ညောင်လေးပင်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးသရုပ်ပြ


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပွဲနဲ့ သဏ္ဌာန်တူသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်တာကို ပြုလုပ်ခဲ့ကြပါတယ်။ 
လူကယ်ပြန်ဝန်ကြီးဌာနအောက်မှာရှိတဲ့ ပဲခူးတိုင်း ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ ညောင်လေးပင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

စစ်ကိုင်းပြတ်ရွေ့ကြောအတွင်းမှာရှိတဲ့ ပဲခူးတိုင်းအရှေ့က မြို့နယ်တွေမှာ ငလျှင်အန္တရာယ် ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေး၊ ကုသရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုတွေ အပါအဝင် ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေကို ပြည်သူတွေ အသိပညာဗဟုသုတ ရရှိစေဖို့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာလို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးမှူး ဦးသန်းထွန်းအောင်က ပြောပါတယ်။ 

ဒီနှစ်ပိုင်းတွေမှာ ငလျင် မကြာခဏလှုပ်နေကာ ပြင်းအား တည်နေရာတွေပေါ်မှာ မူတည်ပြီး ပျက်စီးမှု ရာခိုင်နှုန်းက နည်းသေးပေမယ့် လူနေထူထပ်တဲ့ မြို့ရွာတွေမှာ လှုပ်ခဲ့မယ်ဆိုရင် ထိခိုက်ပျက်စီးမှုတွေ များနိုင်တာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လေ့ကျင့်တာလို့ ဆိုပါတယ်။ 

“လူဆိုတာ ဘေးတခုကျရောက်လာလို့ရှိရင် ဘယ်ကစပြီး လုပ်ရမယ်ဆိုတာ မသိဘူး၊ ဇောကပ်တတ်တယ်၊ အဲ့လိုမဖြစ်အောင် ခုလိုစနစ်တကျ လုပ်တတ်အောင် ပညာပေးသရုပ်ပြတာ ဖြစ်ပါတယ်။ စနစ်တကျလေ့ကျင့်ထားတာတောင်မှ အယောင်ယောင် အမှားမှား လုပ်မိတာတွေရှိတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ခုလိုသရုပ်ပြမှုတွေကို အမြဲလေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။” 

ပဲခူးတိုင်း အတွင်းမှာရှိတဲ့ မြို့နယ်တွေအလိုက် ပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ ဖြူးမြို့နယ် ညောင်လေးပင်မြို့နယ်နဲ့ မိုးညို၊ ရွှေတောင်၊ ပြည်၊ ပေါင်းတည်မြို့နယ်တွေမှာ သဏ္ဌာန်တူ သရုပ်ပြအသိပညာပေးမှုတွေ ပြုလုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။ 

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
DVB

0 comments:

Post a Comment