Friday, December 28, 2018

၂ဝ၁၈ စံချိန်အဖြစ် စက်သုံးဆီ ၁ လီတာ ကျပ် ၈ဝဝ အောက် ပထမဆုံးအကြိမ် ကျဆင်း


စံချိန်တင်မြင့်တက်ခဲ့သောစက်သုံးဆီဈေးနှုန်းများသည် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း တလီတာလျှင် ကျပ် ၈ဝဝ အောက်အထိ ကျဆင်းခဲ့ပြီး ၎င်းဈေးနှုန်းသည် ယခင် ၂ဝ၁၇ ခုနှစ် စက်သုံးဆီဈေးနှုန်းများအတိုင်း ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 
ပြည်ပဈေးမှာ ဒီဇင်ဘာ သုံးပတ်အတွင်း အောက်တိန်း ၉၂ နှင့် ၉၅ တစည်လျှင် အမေရိကန်ဒေါ်လာ ၁၆ ဒေါ် လာခန့်ကျဆင်းရာမှ ပြည်တွင်းဈေးတွင် အောက်တိန်း ၉၂ နှင့် ၉၅ တလီတာလျှင် ၆၅ ကျပ်မှ ကျပ် ၁ဝဝ အထိကျဆင်းခဲ့ပြီး ဒီဇယ်နှင့်အဆင့်မြင့်ဒီဇယ် တလီတာလျှင် ၂၅ ကျပ်မှ ၃ဝ ကျပ် ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံစက်သုံးဆီအသင်းမှ သိရသည်။ 

''အခုလက်ရှိက ၂ဝ၁၇ က စက်သုံး ဆီဈေးနှုန်းအတိုင်း ပြန်ဖြစ်လာတယ်ပေါ့။ လက်ရှိအခြေအနေကိုသုံးသပ်ရရင် ကမ္ဘာ့ရေနံဈေးကျတယ်။ ကျတဲ့အပေါ်မှာလည်း ငွေလဲလှယ်နှုန်းကို အခြေခံတယ်။ ငွေလဲလှယ်နှုန်းထပ်ကျမယ်ဆိုရင် ဆီဈေးက ဒီထက်ထပ်ကျလာမယ်။ ဆီဆိုင်တွေ အားလုံးကလည်း အပြိုင်အဆိုင်ရောင်းနေကြတာလေ ဝယ်သူကိုပဲ ကြည့်နေတာ။ အဲဒီအခါကျတော့ တဆိုင်နဲ့တဆိုင်ဟာ သူ့အခြေအနေနဲ့သူ တလီတာကို ၁၅ ကျပ် ကွာရင်ကွာမယ်။ ၁ဝ ကျပ်ကွာရင်ကွာမယ်။ ဒီလိုပဲအပြိုင်အဆိုင်ရောင်းနေကြတာ''ဟု မြန်မာနိုင်ငံစက်သုံးဆီအသင်း ရုံးအဖွဲ့မှူး ဦးဝင်းမြင့်က ပြောသည်။ 

ပြည်တွင်း၌ ကမ္ဘာ့ရေနံဈေးမြင့်တက်ခြင်း၊ ဒေါ်လာဈေးများမြင့်တက်ခဲ့ခြင်းကြောင့် သြဂုတ်လ၊ စက်တင်ဘာလနှင့် နိုဝင်ဘာလများတွင် စက်သုံးဆီဈေးများမှာ တလီတာလျှင် ၁၁ဝဝ ကျပ်နီးပါးအထိ စံချိန် တင်မြင့်တက်ခဲ့ပြီး ဒီဇင်ဘာလ ပထမပတ်တွင် ကမ္ဘာ့ရေနံဈေးများကျလာခြင်း၊ ပြည်တွင်းဒေါ်လာဈေးများ တည်ငြိမ်လာခဲ့ခြင်းတို့ကြောင့် ဒီဇင်ဘာ ၂၇ ရက်တွင် စက်သုံးဆီတလီတာ ကျပ် ၈ဝဝ အောက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ 

''ဒီနေ့ကမ္ဘာ့ရေနံဈေးတက်သွားရင် နောက်နေ့ ပြည်တွင်းစက်သုံးဆီဈေးက ပြန်တက်လာမှာပဲ။ ကျွန်တော်တို့လည်း နေ့စဉ် စက်သုံးဆီဈေးနှုန်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပို့ပေးနေရတာပဲလေ။ ဘယ်ဆိုင်ဘယ်လောက်ရောင်းတယ်ဆို တာကိုလည်း ပြည်သူကိုအချိန်တိုင်း ချပြနိုင်အောင် လုပ်ဆောင်နေတယ်''ဟု ၎င်းကပြောသည်။ 

ဒီဇင်ဘာ ၂၇ ရက် ညနေစက်သုံးဆီဈေးကွက်အတွင်း အောက်တိန်း ၉၅ တလီတာလျှင် ၇၉၅ ကျပ်၊ အောက်တိန်း ၉၂ တလီတာလျှင် ၇၁ဝ ကျပ် အဆင့်မြင့်ဒီဇယ် တလီတာလျှင် ၉ဝဝ ကျပ်၊ ဒီဇယ်တလီတာလျှင် ၈၉ဝ ကျပ်အထိ ရောင်းဈေးရှိခဲ့ကြောင်း စက်သုံးဆီဆိုင်များမှ စုံစမ်းသိရသည်။ 

News Watch


0 comments:

Post a Comment