Friday, December 28, 2018

နှစ်စဉ်ဝေဖန်မှုများ ရှိခဲ့သည့် ရွှေစက်တော်ဘုရားပွဲတော်အတွင်း တဲကျောင်းခ အဆမတန်ဈေးကြီးမြင့်မှုနှင့် မန်းချောင်းသောင်ခုံပေါ်တွင်ထားရှိသည့် မိလ္လာကိစ္စများအား စနစ်တကျကိုင်တွယ်မည်ဟုဆို


နှစ်စဉ် ဝေဖန်မှုများရှိသည့် ရွှေစက်တော် ဘုရားပွဲတော်အတွင်း တဲကျောင်း (တည်းခိုဆောင်) ခ အဆမတန်ဈေးကြီးမြင့်မှုနှင့် မန်းချောင်းသောင်ခုံပေါ်တွင် ထားရှိသည့် မိလ္လာများအား စနစ်တကျကိုင်တွယ်မည်ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိဝန်ကြီးများက ပြောကြားသည်။ 
ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအပေါ်ထပ် အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မီဒီယာများတွေ့ဆုံစဉ် ရွှေစက်တော် ပွဲတော်ချိန်တိုင်း ဘုရားဖူးများ ဝေဖန်မှုမြင့်တက်လေ့ရှိသည့် အခြေအနေ များအားမေးမြန်းခဲ့ရာ ယင်းကဲ့သို့ဖြေကြား ခဲ့ခြင်း ဖြစ်သည်။ 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပလေ့ရှိသည့် မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် သောင်ခုံမြေညှိခြင်းနှင့် မန်းချောင်းရေကြောင်း ပြုပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရသစ်လက်ထက်တွင် ဂေါပကအဟောင်းများ တစ်ဦးတစ်ယောက် မျှမပါဝင်ဘဲ အသစ်ဖွဲ့စည်းခဲ့သည့် ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ကို ၂၀၁၉ ခုနှစ် ပွဲတော်ချိန်မစမီ အသစ်ထပ်မံဖွဲ့စည်းခဲ့ကြောင်း သိရသည်။ 

Daily Eleven သတင်းစာက ရွှေစက်တော် ပွဲတော်ကာလ ဘုရားဖူးများ အစည်ကားဆုံးနေ့များတွင် ပွဲတော်တွင်းရှိ တဲကျောင်းခများ ဂေါပကအဖွဲ့၏ သတ်မှတ်ဈေးနှုန်းထက်ကျော်လွန်၍ အဆမတန် ကောက်ခံနေခြင်းကို အသစ်ဖွဲ့စည်းထားသည့် ဂေါပကအဖွဲ့နှင့်အတူ ထိန်းချုပ်ကိုင်တွယ်သွားရန် စီစဉ်ထားရှိမှုအား မေးမြန်းခဲ့ရာ “အရင်နှစ်က လေလံစနစ်နဲ့ တဲကျောင်းတွေကို မဲချခဲ့တာကြောင့်အပြန်အလှန်ဆွဲတဲ့အခါမှာ တဲကျောင်း လေလံမြေဈေးတွေက တက်သွားခဲ့ပါတယ်။ ဒါကြောင့် တဲကျောင်း တည်းခိုခတွေ ဈေးတက်တာကို ဂေါပကနဲ့ နာယကအဖွဲ့က တတ်နိုင်သလောက် ထိန်းပေမယ်လို့ အတော်အတန်လည်း ထိန်းမရပါဘူး။ ထိန်းမရတော့ သတ်မှတ်တဲ့ဈေးထက် ပိုပြီးတော့ တောင်းတာတွေ ရှိခဲ့ပါတယ်။ ဒါ ကြောင့်မို့လို့ အခုနှစ်မှာတော့ ယှဉ်ပြိုင်ဆွဲတဲ့သူတွေကို ဈေးတွေအများကြီးပိုမပေးအောင် အမြင့်ဆုံးကြမ်းခင်းဈေး၊ အနိမ့်ဆုံးကြမ်းခင်းဈေးတွေ သတ်မှတ်ပြီးတော့ တဲကျောင်းငှားတဲ့ သူတွေလည်းပဲ သတ်မှတ်ဈေးအတိုင်း ရအောင်လို့ ဆောင်ရွက်ပြီးတော့ တည်းခိုခန်း ပိုင်ရှင်တွေကိုလည်းပဲ အမြတ်ကျန်အောင်ဆိုပြီး အမြင့်ဈေးသတ်မှတ်ထားတာတောင် တိုက်ဆိုင်နေရင် နည်းတဲ့သူကို ချထားပေးမယ်လို့ စီစဉ်ထားပါတယ်” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက ဖြေကြားခဲ့သည်။ 

ယခင်နှစ်ရွှေစက်တော် ပွဲတော်ချိန်က မန်းချောင်းသောင်ခုံပေါ်ရှိ အထူးတည်းခိုဆောင်များတွင် မိလ္လာကန်များထားရှိခဲ့သည့် အခြေအနေအား ဝေဖန်မှုများရှိခဲ့ခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက “အဲဒါ တွေက တာဝန်ကျတဲ့ ကျန်းမာရေးပိုင်းက လူတွေ လိုက်စစ်မှာပါ။ ချောင်းနဲ့ အနည်းဆုံး ပေ ၁၀၀ ခွာရမယ်ပြောထားပါတယ်။ တချို့ က မခွာလို့၊ ကပ်ပြီးဆောက်လို့ ပြောကြ ကန့်ကွက်ကြတာပါ။ အဲဒါတွေကို အခုလိုက်ပြီး ကြပ်မတ်မှာပါ။ လိုက်စစ်မှာပါ။ ဂေါပကအဖွဲ့နဲ့ လုပ်ငန်းကော်မတီနဲ့ ချိတ်ဆက်ပြီး လုပ်တော့ ကြားထဲမှာ လွတ်နေပါတယ်။ ဒီနှစ်မှာတော့ အနီးကပ်ကြီးကြပ်ဖို့အတွက် လုပ်ငန်းကော်မတီကို မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးကို ဥက္ကဋ္ဌခန့်ထားပါတယ်” ဟု ပြော ကြားခဲ့သည်။ 

မန်းရွှေစက်တော်ပွဲတော်သည် မကွေးတိုင်းဒေသကြီးအတွင်း ရက်အရှည်ကြာဆုံး ကျင်းပသည့် ပွဲတော်ဖြစ်ပြီး ဗုဒ္ဓခြေတော်ရာ နှစ်ဆူအား ဖူးတွေ့နိုင်ခြင်း၊ မန်းချောင်းနှင့် တောတောင်သဘာဝအလှများ တည်ရှိခြင်းကြောင့် မြန်မာနိုင်ငံအနှံ့မှ ဘုရားဖူးများသာမက နိုင်ငံခြားသားများလည်း လာရောက်လေ့ရှိကြောင်း ပွဲတော်ကျင်းပသည့်အချိန်တိုင်း တဲကျောင်းခများ ဈေးကြီးမြင့်လွန်းခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည့် အခြေအနေများအား စေ့စပ်သေချာစွာ မကိုင်တွယ်နိုင်ခြင်းနှင့် ဘာသာရေးပွဲတော် ဖြစ်သော်လည်း ပွဲတော်တွင်း အချို့လုပ်ငန်းများသည် ကိုယ်ကျိုးစီးပွားတစ်ခုတည်းအတွက် ဦးတည်နေသည့်အခြေအနေများတည် ရှိနေခြင်းတို့ကို ဒေသခံများနှင့် ဘုရားဖူးများက နှစ်စဉ် ဝေဖန်မှုများရှိခဲ့ကြောင်း သိရသည်။
  
Eleven

0 comments:

Post a Comment