Friday, December 28, 2018

လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်၊ တိုင်းနှင့်ပြည်နယ်အချို့ မိုးရွာသွန်းနိုင်


ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအား နည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ 
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်တယ်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတို့၊ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် ရွာနိုင်ပါတယ်။ 

တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ၄ ရက်ကနေ ၆ ရက်လောက်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့နဲ့ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ ၁ ရက်ကနေ ၃ ရက်လောက် ရွာနိုင်ပါတယ်။ 

ညအပူချိန်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နဲ့ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၁.၅ ဒီဂရီစင်တီ ဂရိတ်ပိုနိုင်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီးတို့နဲ့ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့တွင် ဇန်နဝါရီလရဲ့ ပျမ်းမျှ အပူချိန်လောက်သာ ရှိနိုင်ပါတယ်။ 

မြူအခြေအနေကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ၁၅ ရက်မှ ၂၂ ရက်လောက်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်း၊ ရန်ကုန်၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးတို့နဲ့ ရခိုင်ပြည်နယ်တို့မှာ ၇ ရက်ကနေ ၁၄ ရက်လောက်ထိ မနက်ပိုင်း မြူထူများ ဆိုင်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ 

DVB

0 comments:

Post a Comment