Friday, December 28, 2018

သရုပ်ဆောင် မိုးအောင်ရင်အမှု အပါအဝင် စီရင်ချက်ချပြီးသည့် အမှုများကို လူမှုကွန်ရက်တွင် အထောက်အထား မမှန်ကန်ဘဲ ရေးသားဝေဖန် တိုက်ခိုက်ခြင်းများ ရှိလာပါက တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲဆိုနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူး ပြောကြား

မိုးအောင်ရင်အမှု အပါအဝင် တရားရုံး က စီရင်ချက်ချပြီးသည့် အမှုများကို လူမှုကွန်ရက် Facebook တွင် အထောက်အထား မမှန်မကန်ဘဲ ရေးသားဝေဖန် တိုက်ခိုက်ခြင်းများ ရှိလာပါက တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲဆိုနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်စိုးခက်ခက်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။ 
ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်စိုးခက်ခက်က “တရားရုံးက စီရင်ချက်ချပြီး အမိန့်ချပြီးတဲ့ အမှုတွေကို လူမှုကွန်ရက် Facebook စာမျက်နှာမှာ အထောက်အထား အချက်အလက် တိကျသေချာမှု၊ မှန်ကန်မှုတွေ မရှိဘဲနဲ့ ရေးသားမယ်ဆိုရင် တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေပုဒ်မ (၈) နဲ့ အရေးယူလို့ ရပါတယ်။ အဲဒါတွေက တရားရုံးကို ဥပဒေအရ အပ်နှင်းထားတဲ့ အခွင့်အာဏာကို သေးသိမ်စေတာ၊ ဒါမှမဟုတ် သေးသိမ်ရန်ဖြစ်စေတာ၊ တရားစီရင်တဲ့ မှုခင်းကိစ္စတွေမှာ ဖြောင့်မတ်စွာ ဆောင်ရွက်မှုကို ထိခိုက်စေတာ၊ စွက်ဖက်တာ၊ နှောင့်ယှက်တာ၊ မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေးအပေါ်ကို အများပြည်သူက ယုံကြည်ကိုးစားမှု လျော့နည်းအောင် တစ်နည်းနည်းနဲ့ ပြုလုပ်ရင် တရားရုံး မထီမဲ့မြင်မှု မြောက်စေနိုင်ပါတယ်” ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ 

ထို့ပြင် လတ်တလော ဖြစ်ပေါ်နေသည့် မိုးအောင်ရင်အမှု အမိန့်ချမှုမှာ ပြင်းထန်သည်ဟု လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဝေဖန်မှုများရှိနေခြင်းနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ဒေါ်စိုးခက်ခက် က “ဒီကိစ္စကိုပြောရရင် မိုးအောင်ရင်ကို ပုဇွန်တောင်တရားရုံးက တရားစွဲလိုက်တဲ့ ပုဒ်မ ၁၅ က အလုပ်နဲ့ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၁၆ (ဂ) က အလုပ်နဲ့ ထောင်ဒဏ် ငါးနှစ်ပါ။ အဲဒါ သူ့ကို ပြစ်ဒဏ်နှစ်ခုကို တစ်ပေါင်းတည်းကျခံဖို့ ငါးနှစ်ပဲ တရားရုံးက အမိန့်ချလိုက်တာပါ။ ပုဒ်မ ၁၅ က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ လူမှုရေးပြစ်ဒဏ်ပဲ ကျခံစေဖို့ ပြောင်းလဲထားပါတယ်။ ဒါပေမဲ့ တရားရုံးမှာက မိုးအောင်ရင်ကို တရားစွဲထားတုန်းက ၂၀၁၆ ခုနှစ်က ပြစ်မှုနဲ့ပဲ ပြစ်ဒဏ်ချရမှာ ဖြစ်ပေမယ့် ပုဇွန်တောင်တရားရုံးက မိုးအောင်ရင်ကို ပုဒ်မ နှစ်ခုပေါင်း တစ်ပေါင်းတည်း ကျခံစေဖို့ ပြစ်ဒဏ်ချလိုက်တာဖြစ်လို့ ပြင်ဆင်ဥပဒေရဲ့အကျိုးကို သူရရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။ ပြီးတော့ အရှေ့ပိုင်းခရိုင် တရားရုံးကပုဒ်မဆို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး နှစ်အကန့်အသတ်မရှိ ချနိုင်တဲ့ပုဒ်မပါ။ ဒါပေမဲ့ တရားရုံးက ထောင်ဒဏ် ၁၂ နှစ်ပဲ ချမှတ်ထားပါတယ်။ ဒါပေမဲ့ တချို့တွေက မြို့နယ်က အမိန့်နဲ့ ခရိုင်က အမိန့်ကို ပေါင်းလိုက်ပြီး ၁၇ နှစ်က များပါတယ်လို့ ပြောနေကြတယ်။ အဲဒီလို မဟုတ်ပါဘူး။ အမှုက သတ်သတ်စီပါ”ဟု ပြောကြားသည်။ 

ယင်းသို့ သရုပ်ဆောင် မိုးအောင်ရင် အမိန့်ချခြင်းကို ပြင်းထန်သည်ဟု ပြောဆိုနေကြသူများသည် ဥပဒေနှင့် အလှမ်းဝေးသူများ ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 

“မိုးအောင်ရင်အမှုမှာ အမိန့်ချမှုကို မြို့နယ်နဲ့ ခရိုင်ကို ပေါင်းပြီး များတယ်လို့ ပြောနေတဲ့သူတွေက ဥပဒေနဲ့ ဝေးတဲ့သူတွေပါ။ မိုးအောင်ရင်ကို အမိန့်ချတဲ့ ပုဒ်မတွေရဲ့ အများဆုံးပြစ်ဒဏ်နဲ့ အနည်းဆုံးပြစ်ဒဏ်တွေကို ကြည့်ပါ” ဟု ၎င်းက ပြောကြားသည်။ 

တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေပုဒ်မ (၈) တွင် ရာဇဝတ်အမှုနှင့် ပတ်သက်ပြီး ပြောဆိုလျှင် ထိုသူအား ခြောက်လထက် မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် တစ်သိန်းဖြစ်စေ၊ နှစ်ခုစလုံး ချမှတ်နိုင်ကြောင်းနှင့် တရားမအမှုနှင့် ပတ်သက်ပြီးပြောဆိုလျှင် ထိုသူအား ဒဏ်ငွေ တစ်သိန်း ဖြစ်စေ၊ သုံးလထက် မပိုသည့် ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။ 

Eleven Media Group


0 comments:

Post a Comment