Thursday, December 27, 2018

လှိုင်သာယာ တရားရုံးရှေ့ရပ်ထားသည့် YBS ယာဉ် ခိုးယူခံရ


လှိုင်သာယာမြို့နယ်တရားရုံးအရှေ့ ရန်ကုန်-ညောင်တုန်းကားလမ်းဘေးတွင် ရပ်နားထားသော YBS (၆၁) ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီး ခိုးယူခံရကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 
ခိုးယူခံရသည့် DAEWOO အမျိုးအစားယာဉ်သည် ပြုပြင်ရန်ရှိနေသည့်အတွက် လိုင်းမထွက်ဘဲ ယာဉ်မောင်းဖြစ်သူက ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အနောက်ပိုင်း တက္ကသိုလ်အနီးရှိ ကားဝပ်ရှော့၌ ဝါယာရိန်းပြုပြင်ပြီး ယင်းနေ့ ညနေပိုင်းတွင် အဆိုပါယာဉ်ကို လှိုင်သာယာမြို့နယ် တရားရုံးရှေ့၌ သော့တန်းလန်းဖြင့် ရပ်နားထားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

ယင်းနောက် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၄ နာရီတွင် လိုင်းပြေးဆွဲရန်အတွက် ယာဉ်မောင်းဖြစ်သူက ၎င်းရပ်နားထားခဲ့သည့် မော်တော်ယာဉ်ရှိရာသို့ လာရောက်စဉ် ယာဉ်ပျောက်ဆုံးနေသည်ကို စတင်သိရှိခဲ့ကြောင်း၊ ယင်းကြောင့် လမ်းဘေးတွင် ရပ်နားထားသော YBS ယာဉ်များကို နေ့စဉ် စောင့်ရှောက်ရန် တာဝန်ပေးအပ်ထားသူ လုံခြုံရေးဝန်ထမ်းကိုမေးမြန်းရာ အဆိုပါယာဉ်ကို မတွေ့မိခဲ့ကြောင်းပြောသဖြင့် ကားခိုးယူသွားသူကို စုံစမ်းဖော်ထုတ်ပေးရန် ယာဉ်မောင်းအမျိုးသားက တိုင်ကြားခဲ့၍ လှိုင်သာယာမြို့မရဲစခန်းက ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ကား) ဖြင့် အမှုဖွင့်ပေးထားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။


The Voice

0 comments:

Post a Comment