Wednesday, December 26, 2018

မင်းကင်း သီတဂူမင်းကျောင်းစက္ခုဒါနဆေးရုံကြီးတွင် တစ်ရက်လျှင် လူနာ ၁၀၀ ကျော် အခမဲ့ကုသပေး


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ ၊ အမှတ် ၃ ရပ်ကွက်၊ မဟာမင်းကျောင်းတိုက်အတွင်းရှိ သီတဂူမင်းကျောင်းစက္ခုဒါနဆေးရုံကြီးတွင် တစ်ရက်လျှင် မျက်စိဝေဒနာရှင်လူနာ ၁၀၀ ကျော် အခမဲ့ စမ်းသပ်ခွဲစိတ်ပေးနေကြောင်း ဆေးရုံတော်ကြီးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ 
ဆရာဝန်ကြီး ၁၀ ယောက်ဦးဆောင်သောစက္ခုဒါနအဖွဲ့မှ ဒီဇင်ဘာ ၂၃ ရက်နေ့စတင်၍ ကုသပေးလျက်ရှိရာ ယနေ့အချိန်ထိ လူနာတစ်ထောင်ခန့်စစ်ဆေးပြီးစီးကာ မျက်စိဝေဒနာရှင် ၈၀ ကျော် အား ခွဲစိတ်ကုသပေးပြီးဖြစ်သည်။ 

ထို့ပြင် ဆက်လက်ကြည့်ရှုစစ်ဆေးပြီး ကုသမှုများဒါနပြုသွားမည်ဖြစ်ပါသဖြင့် လူနာပေါင်း သုံးထောင်ကျော်ခန့်လာရောက်ကြကြောင်း ဆေးရုံတော်ကြီးထိန်းသိမ်းစောင့်ရှောက်ရေး စာရင်းများအရ သိရသည်။ 

မျက်စိဝေဒသနာရှင် အခမဲ့ကုသခြင်းကို ဒီဇင်ဘာ ၂၃ ရက်နေ့ကစတင်၍ ၂၇ ရက်နေ့အထိ ဆောင်ရွက်ပေးမည် ဖြစ်ပြီး မင်းကင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာများအတွက် အခမဲ့ကုသပေးနေခြင်းဖြစ်သည်။ 

အဆိုပါဆေးရုံကြီးအတွက် နိုင်ငံတော်မှထောက်ပံ့လှူဒါန်းငွေကျပ်သိန်းပေါင်း ၆၂၉၊ စေတနာ အလှူ ရှင်များမှလှူဒါန်းငွေကျပ်သိန်းပေါင်း ၉၀၀၊ သီတဂူဆရာတော်ကြီးမှခွဲစပ်ပစ္စည်းများနှင့် ဆေးဝါးများ၊ အသုံး အဆောင်ပစ္စည်းများ၊ လူနာခုတင်များ စုစုပေါင်းတန်ဖိုးငွေကျပ် ၂၂၄၀ သိန်းခန့်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

သီတဂူမင်းကျောင်းစက္ခုဒါနဆေးရုံတော်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့ အမှတ် ၃ ရပ်ကွက်၊ မဟာမင်းကျောင်းတိုက်အတွင်းတည်ရှိပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် ဆေးရုံတော်ကြီးထိန်းသိမ်းစောင့်ရှောက်ရေးပဓာနနာယကဆရာတော်ဘဒ္ဒန္တဇဝန၊ အနောက် မြောက်တိုင်းစစ်ဌာချုပ်တိုင်းမှူးဗိုလ်ချုပ်ဖုန်းမြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက် တာဇော်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးတင်မောင်ဆွေ၊ သီတဂူသာသနာပြု အဖွဲ့ ဥက္ကဌပါမောက္ခဆရာဝန်ကြီးဒေါက်တာမြအောင်၊ ဧည့်သည်တော်ဦးမျိုးသက်နှင့် အထူးဧည့်သည်တော် မစ္စစင်သီယာတို့က တက်ရောက်ခဲ့ကြသည်။ 

သီတဂူဆရာတော်ကြီး၏လမ်းညွန်မှုဖြင့် သီတဂူစက္ခုဒါနအဖွဲ့သည် မင်းကင်းမြို့ သီတဂူမင်းကျောင်းစက္ခုဒါနဆေးရုံအပါအဝင် မြန်မာနိုင်ငံအဝှမ်းမျက်စိဆေးရုံပေါင်း (၃၉) ရုံဆောက်လုပ်ပြီးစီးကာ လူမျိုးဘာသာမရွေး မျက်စိစစ်ဆေးကုသခြင်းဖြင့်ကုသိုလ်ပြုလျက်ရှိပါသည်။ 

သီတဂူသာသနာပြုအဖွဲ့မှ ယခုအချိန်အထိလူပေါင်း ၅ သိန်းကျော်အားမျက်စိစစ်ဆေး ကုသပေးခဲ့ပြီးဖြစ်ကြောင်း ကုသိုလ်မှတ်တမ်းအရ သိရသည်။


Mizzima - News in Burmese 


0 comments:

Post a Comment