Wednesday, December 26, 2018

ဆူနာမီဖြစ်ပေါ်ခဲ့သည့် အင်ဒိုနီးရှားကျွန်းတွင် အဆိုးဆုံးရာသီဥတုသတိပေးချက် ထုတ်ပြန်


အင်ဒိုနီးရှားနိုင်ငံ ဆွန်ဒါရေလက် ကြားတွင်ဖြစ်ပွားခဲ့သော ဆူနာမီလှိုင်း ရိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၄၀၀ ကျော်သို့ ရောက်ရှိသွားပြီဖြစ်သည်ဟု အာဏာပိုင်များက သတင်းထုတ်ပြန်ထားကြောင်း၊ ဆက်လက်ပေါက်ကွဲနေသေးသည့် အဲနက်ကရာကာတိုဝါ မီးတောင် အနီးတစ်ဝိုက်ဒေသတွင် ရာသီဥတုအလွန်အမင်း ဆိုးရွားလျက်ရှိသလို ဆူနာမီလှိုင်းကြီးများလည်း ထပ်မံဖြစ်ပေါ်နိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ထားကြောင်း သတင်းဌာနက ရေးသားဖော်ပြထားသည်။ 
အဲနက်ကရာကာတိုဝါ မီးတောင်က ထွက်သည့် ပြာပူများသည် ကောင်းကင်ယံတွင် ဧရာမတိမ်တိုက်ကြီးများကို ဖြစ်ထွန်းစေခဲ့ပြီး မီးတောင်ပေါက်ကွဲသည့် အရှိန်ကြောင့် ဆူမာတြားနှင့် ဂျာဗားကျွန်းစု အကြားရှိ ဆွန်ဒါရေလက်ကြားတွင် ၅ မီတာခန့်မြင့်သည့် လှိုင်းလုံးကြီးများဖြစ်ပေါ်ခဲ့သည်။ 

အင်ဒိုနီးရှားမိုးလေဝသအေဂျင်စီ (BMKG) က အင်္ဂါနေ့ကသတိပေးချက် ထုတ်ပြန်ရာတွင် အဲနက်ကရာကာတိုဝါ မီးတောင် အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်နေသည့် အလွန်ဆိုးရွားသည့် ရာသီဥတုကြောင့် ယင်းမီးတောင်ဝမှာ ပွင့်ထွက်သွားနိုင်သည့် အနေအထားသို့ ပိုမိုရောက်ရှိစေနိုင်ကြောင်း ဖော်ပြသည်။ 

“အဲနက်ကရာကာတိုဝါ မီးတောင်ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့် နိုင်မယ့်စနစ်တစ်ခုကို ကျွန်တော်တို့ တပ်ဆင်ထားပြီးဖြစ်ပါတယ်။ အဲဒါကြောင့် ကြိုတင် သတိပေးချက်တွေကို အဆောတလျင် ထုတ်ပြန်နိုင်မှာပါ”ဟု BMKG ၏ အကြီးအကဲဖြစ်သူ ဒွီကိုရီတာကာနာဝါတီက ပြောကြားသည်။ 

ပြီးခဲ့သည့် စနေနေ့ညပိုင်း ကဲနက်ကရာကာတိုဝါ မီးတောင်ပေါက်ကွဲပြီး ဆူနာမီလှိုင်းဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးသူ စုစုပေါင်း ၄၂၉ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက အတည်ပြုပြောကြားထားသည်။ 

ဆူမာတြားနှင့် ဂျာဗားကျွန်းတို့ အကြားတွင် တည်ရှိသည့် ဆွန်ဒါရေလက် ကြားဒေသသို့ ဆူနာမီရိုက်ခတ်မှုကြောင့် ပန်ဒါလောင်း၊ လန်ပေါင်းနှင့် ဆာရန်တို့တွင် နေအိမ်များနှင့် ဟိုတယ်များ ထိခိုက်ပျက်စီးခဲ့ရသည်။ 

တနင်္လာနေ့ နံနက်ပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့များက ပြိုကျပျက်စီးနေသော အပျက်အစီးများအောက်တွင် ပိတ်မိနေနိုင်သူများကို ဆက်လက်ရှာဖွေခဲ့ကြသည်။ 

သတင်းဌာနများ၏ ဖော်ပြချက်အရ အဲနက်ကရာကာတိုဝါ မီးတောင်သည် တနင်္ဂနွေနေ့ ညပိုင်းက ဆက်လက်ပေါက်ကွဲ လျက်ရှိပြီး ပြာပူများနှင့် ချော်ရည်များလည်း ထွက်ရှိနေသည်။ 

ကယ်ဆယ်ရေးလုပ်ငန်းစဉ်များမှာလမ်းမများ ပိတ်ဆို့နေသောကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိသည်ဟု အာဏာပိုင်များက ပြောကြားသည်။ သို့သော် ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့သည့် ဒေသများသို့ ဝန်ချီစက်အကြီးစားများ အမြန်ဆုံးရောက်ရှိနိုင်အောင် ပေးပို့လျက်ရှိသည်ဟု ၎င်းတို့က ဆိုသည်။

The Voice

0 comments:

Post a Comment