Thursday, December 27, 2018

မြေအောက်တိုက်ခိုက်ရေးဥမင်တွေ ဖျက်ဆီးမှု စစ်ဆင်ရေး ပြီးစီးကြောင်း အစ္စရေး စစ်တပ်ကြေညာ


လက်ဘနွန်နိုင်ငံ ကာဖာကီလာ နယ်စပ်ကျေးရွာကနေ အစ္စရေးနိုင်ငံတွင်းထိ တူးဖောက်ထားတဲ့ မြေအောက်တိုက်ခိုက်ရေး ဥမင်ကို ရှာဖွေတွေ့ရှိပြီးနောက် အစ္စရေးစစ်တပ်ဟာ ဥမင်ထဲ ကွန်ဂရစ်တွေ လောင်းချပြီး ပိတ်ဆို့ဖျက်ဆီးလိုက်ပါတယ်။ 
ဟဇ်ဘိုလာတွေ တူးဖောက်ထားတဲ့ ငါးခုမြောက် မြေအောက်တိုက်ခိုက်ရေးဥမင်ကို အစ္စေရေး စစ်တပ်က တွေ့ရှိတာဖြစ်ပြီး ပိတ်ဆို့ဖျက်ဆီးလိုက်တာပါ။ 

ခုလို မြေအောက်ဥမင်တွေကို ရှာဖွေဖျက်ဆီးပစ်တဲ့ မြောက်ပိုင်းကာဒိုင်းလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး အဆုံးသတ်ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ အစ္စရေးစစ်တပ်ဟာ ကြေညာလိုက်ပါတယ်။ 

မြောက်ပိုင်းကာဒိုင်းစစ်ဆင်ရေးကို ခုလအစောပိုင်းမှာ အစ္စရေးစစ်တပ်က စတင်ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးကို တိုက်ခိုက်ဖို့အတွက် ဟဇ်ဘိုလာတွေဟာ လက်ဘနွန်ဖက်ကနေ မြေအောက်ဥမင်တွေ အစ္စရေးပိုင်နက်ထဲအထိ တူးဖောက်ထားတာ ဖြစ်ပါတယ်။ 

“လက်ဘနွန်ပိုင်နက်ထဲကနေ ခုလို တိုက်ခိုက်ရေးဥမင်တွေ တူးဖောက်ထားတာအတွက် လက်ဘနွန်အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါဟာ ကုလသမဂ္ဂဆုံးဖြတ်ချက် ၁၇၀၁ နဲ့ အစ္စရေးရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။”လို့ ၂၀၀၆ ခုနှစ်က အစ္စရေးနဲ့ ဟဇ်ဘိုလာစစ်ပွဲ အဆုံးသတ်စေတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ရည်ညွှန်းပြီး အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment