မကွေးတိုင်းဒေသကြီး ချောက်-လမ်းရွာရေနံမြေမှာ အခုနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက် ရေနံစည်ပေါင်း ၇၃၀၀၀ ကျော် ပိုမိုထုတ်လုပ်နိုင်ခဲ့တယ်လို့ ချောက်-လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာ ဦးကိုကိုသက်က ပြောပါတယ်။
“ဒီနှစ်မှာတော့ ချောက်-လမ်းရွာ ရေနံမြေ ချောက်ရေနံမြေမှာ တွင်းအသစ် ၈ တွင်းကို အောင်မြင်စွာ တူးဖော်နိုင်ခဲ့လို့ ရေနံအထွက်နှုန်း တိုးတက်လာတယ်။”
ချောက်-လမ်းရွာ ရေနံမြေမှ ၂၀၁၇ ခုနှစ်က ရေနံစည်ပေါင်း ၃၈၇၀၀၀ ကျော် တူးဖော်ထုတ်လုပ်နိုင်ခဲ့ပြီး အခု ၂၀၁၈ ခုနှစ်အတွင်းမှာတော့ စည်ပေါင်း ၄၅၀၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့လို့ စည်ပေါင်း ၇၃၀၀၀ ကျော် တိုးတက်လာတယ်လို့ ဆိုပါတယ်။
ချောက်-လမ်းရွာရေနံမြေဟာ မြန်မာနိုင်ငံ ရေနံထွက်ရှိတဲ့ ရေနံမြေတွေအနက် ဒုတိယ အများဆုံး ထုတ်လုပ်နိုင်တဲ့ ရေနံမြေဖြစ်ကြောင်းလည်း သိရပါတယ်။
အဆိုပါ တူးဖော်ထုတ်လုပ်မှုကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်းနဲ့ Gold Petrol Myanmar JOC INC တို့ ပူးပေါင်းဆောင်းရွက်ခဲ့တာဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ်မှာလည်း တွင်းအသစ် ၄ တွင်း ဆက်လက်တူးဖော်သွားဖို့ အစီစဉ်ရှိတယ်လို့ ယင်းရေနံမြေ အထွေထွေ မန်နေဂျာရုံး ဘူမိဗေဒ အရာရှိက ပြောပါတယ်။
ချောက်ရေနံမြေကို ၁၉၀၁ ခုနှစ်မှ စတင်တူးဖော်ခဲ့ပြီး တွင်းပေါင်း ၁၄၉၉ တွင်း တူးဖော်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ချောက်ရေနံမြေမှာ ၉၂ တွင်း၊ လမ်းရွာရေနံမြေမှာ ၁၇ တွင်း သဘာဝဓာတ်ငွေ့တွင်း ၂ တွင်း ထုပ်လုပ်နေပါတယ်။
ဒီနေ့အထိ တရက်ကို ရေနံစည်ပေါင်း ၁၄၀၀ လောက် နေ့စဉ် ထုပ်လုပ်နေသလို သဘာဝဓာတ်ငွေ့က ၀.၀၄၅ ကုဗပေသန်း ထုတ်လုပ်နေတယ်လို့ သိရပါတယ်။
DVB
0 comments:
Post a Comment