Thursday, December 27, 2018

ထိုင်းကြံခင်းထဲက မြန်မာကလေးအလောင်းကို ဒုတိယအကြိမ် ရင်ခွဲစစ်ဆေးမည်


  

ထိုင်းနိုင်ငံ ဆူဖန်ဘာရီပြည်နယ်ထဲက ကြံခင်းထဲမှာ တွေ့ရှိခဲ့တဲ့ အသက်(၂)နှစ်အရွယ်မြန်မာကလေးငယ်ရဲ့အလောင်းကို ဒုတိယအကြိမ် ရင်ခွဲစစ်ဆေးဖို့ စီစဉ်ထားတယ်လို့ ဒီဇင်ဘာ(၂၇)ရက် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ 
အဆိုပါ မြန်မာကလေးငယ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၇)ရက်က သူ့မိဘတွေအလုပ်လုပ်တဲ့ ကြံခင်းအနီးမှာ ဆော့ကစားနေစဉ် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကလေးငယ်ရဲ့အလောင်းကို သူပျောက်ဆုံးသွားတဲ့ နေရာကနေ (၅)ကီလိုမီတာအကွာမှာရှိတဲ့ ကြံခင်းထဲမှာ သေဆုံးနေတာကို ဒီဇင်ဘာ(၂၅)ရက်က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

ကလေးငယ်ရဲ့အလောင်းကို ရဲတပ်ဖွဲ့အထွေထွေဆေးရုံရဲ့ မူခင်းဆေးစစ်ဌာနမှာ ရင်ခွဲစစ်ဆေးခဲ့ပြီးနောက် ကလေးငယ်ဟာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံထားရတဲ့ လက္ခဏာမတွေ့ဘူးလို့ အဖြေထုတ်ပြန်ပေးထားခဲ့ပါတယ်။ 

ကလေးငယ်ရဲ့အလောင်းကို ရင်ခွဲစစ်ဆေးခဲ့ရာမှာ ကလေးငယ်ဟာ ဒဏ်ရာရရှိထားတာမရှိပဲ အရိုးတွေလည်းကျိုးမနေကြောင်း၊ ကလေးငယ်ရဲ့အ၀တ်အစားမှာ သွေးစွန်းနေတာလည်း မတွေ့ရကြောင်း၊ ကလေးငယ်ဟာ သူ့ကို ရှာမတွေ့သေးခင် ဒီဇင်ဘာ(၁၇)ရက်နေ့ကတည်းက သေဆုံးနေခဲ့တာဖြစ်တယ်လို့ မူခင်းဆရာဝန်တွေက ပြောကြားခဲ့ကြပါတယ်။ 

ဒါပေမဲ့ အဲဒီအဖြေကို ကလေးငယ်ရဲ့ မိဘတွေဖြစ်တဲ့ အသက်(၂၆)နှစ်အရွယ် ဦးဖောနဲ့ အသက်(၂၀)နှစ်အရွယ် မမော်တို့ဟာ သံသယရှိကာ မေးခွန်းထုတ်ထားခဲ့ပါတယ်။ သူတို့ရဲ့ သား သေဆုံးမှုနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို မသိရမချင်း၊ ကလေးရဲ့အလောင်းကို မီးသဂြိုဟ်မှာ မဟုတ်ဘူးလို့ လည်း မြန်မာဇနီးမောင်နှံက ပြောပါတယ်။ 

တရားရေးဝန်ကြီးဌာနရဲ့ဗဟိုမူခင်းစစ်ဆေးရေးသိပ္ပံ(CIFS)လက်အောက်မှာရှိတဲ့ DNA ဌာနခွဲမှ ညွှန်ကြားရေးမှူးဖြစ်သူ Worawee Waiyawut က ကလေးငယ်ရဲ့အလောင်းကို သမာဆတ် ရန်ဆစ် ဆေးရုံမှာ ဒုတိယအကြိမ်ရင်ခွဲစစ်ဆေးသွားမယ်လို့ ဒီဇင်ဘာ(၂၇)ရက်က ပြောကြားခဲ့ပါတယ်။ 

အဲဒီလို ထပ်မံ ရင်ခွဲစစ်ဆေးဖို့ CIFS က ညွှန်ကြားရေးမှူးဖြစ်သူ ဒုရဲမှူးကြီး Wannapong Khotcharak က လက်မှတ်ရေးထိုးပေးလိုက်တာဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။ 

တကယ်လို့ ကလေးငယ်ဟာ အသတ်ခံရတယ်လို့ စစ်ဆေးတွေ့ရှိရပါက ကလေးမိဘတွေဟာ ကလေးငယ်သင်္ဂြီုဟ်စရိတ်အပါအ၀င်၊အခြားကုန်ကျစရိတ်တွေ အတွက် တရားရေးရန်ပုံငွေ ကော်မတီထံကနေ ထိုင်းဘတ်(၁၁၀,၀၀၀) (မြန်မာကျပ်ငွေ သိန်း ၅၀ နီးပါး) ရရှိမှာ ဖြစ်တယ်လို့လည်း သတင်းမှာ ရေးသားဖော်ပြထားပါတယ်။ 

Photo : Bangkok Post 
Translated by : Pyae Sone 
One News Myanmar 

0 comments:

Post a Comment