Thursday, December 27, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ ဌာနဆိုင်ရာ (၃) ဖွဲ့မတက်ရောက်သည့်အပေါ် ကော်မရှင်ဥက္ကဋ္ဌ က သက်ဆိုင်ရာဝန်ကြီးထံတိုင်ကြားသွားမည်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့် တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ ဌာနဆိုင်ရာ (၃) ဖွဲ့မတက်ရောက်သည့်အပေါ် သက်ဆိုင်ရာဝန်ကြီးထံတိုင်ကြားသွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည် ။ 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၊ ခရိုင် ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်များ တွေ့ဆုံပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့ က မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည် ။ 

"တိုင်းဒေသကြီးအဆင့်မှာပါတဲ့ ဌာနဆိုင်ရာ ကိုးဦးလုံးကို ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ် ။ကျွန်တော်တို့ကော်မရှင်ရဲ့ လုပ်ငန်းဟာ မြန်မာနိုင်ငံအစိုးရရဲ့ လုပ်ငန်းဖြစ်ပါတယ်။ ကိုယ့်ဝန်ကြီးဌာနအလုပ်ကိုမှ အလုပ်လို့ထင်ရင်တော့ အဲ့ဒီ ဝန်ကြီးနဲ့ ကျွန်တော်နဲ့ ပြောပြီးတော့ မည်သည့်အတွက်ကြောင့် ပျက်ကွက်လဲဆိုတာ တင်ခိုင်းရမယ်" ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း က ပြောသည်။ 
ဌာနဆိုင်ရာ (၉) ဦးတွင် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးပညာရေးမှူး ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ၊တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး တို့ဖြစ်သည်။ 
ထိုဌာနဆိုင်ရာ (၉) ဦးထဲမှ တိုင်းပညာရေးဦးစီးမှူး ကိုယ်စားတက်ရောက်ခြင်း ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ကိုယ်စားတက်ရောက်ခြင်း နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး က ပျက်ကွက်ခြင်းတို့ ရှိခဲ့သည်။ 
"နိုင်ငံတော်သမ္မတကလည်းညွှန်ကြားပြီးသား ကော်မရှင်လုပ်ငန်းနဲ့ပတ်သက်လို့ မည်သည့်ဝန်ကြီးဌာနကမဆို တာဝန်ပေးအပ်နိုင်တယ်လို့ ပါပြီးသား တချို့ ဝန်ကြီးဌာနတွေက ကော်မရှင်က ငါတို့မိခင်ဌာနမဟုတ်ဘူး ။ငါတို့ အလေးဂရုစိုက်စရာမဟုတ်ဘူး ။ လုပ်ချင်မှ လုပ်မယ် လာချင်မှ လာမယ်ဆိုတဲ့ ပုံစံ " ဟု ဦးလှသိန်း က ဆက်လက်ပြောသည်။ 
မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အများယုံကြည်လေးစားခြင်းခံရသောပုဂ္ဂိုလ် (၆) ဦး ၊ အစိုးရဌာနဆိုင်ရာမှ (၉) ဦး နှင့် တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ (၁) ဦးဖြင့် ဖွဲ့စည်းထားသည်။

The Fifth Wave News 


0 comments:

Post a Comment