Wednesday, December 26, 2018

စင်ကာပူနိုင်ငံတွင် အလုပ်လုပ်၍ ရလာသည့်လုပ်ခများ ငွေအတုဖြစ်နေသည့်အပြင် ရဲစခန်း၌ အချုပ်ခံနေရသည်မှာ ရက်စက်ပြင်းထန်ကြောင်း ကျပ်တစ်သောင်းတန်အတုကြောင့် ဖမ်းဆီးခံရသည့် အမျိုးသမီးနှင့်ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင် ပြောကြား


စင်ကာပူနိုင်ငံတွင် အလုပ်လုပ်၍ ရလာသည့် လုပ်ခများ ငွေအတုဖြစ်နေသည့်အပြင် ရဲစခန်း၌ အချုပ်ခံနေရသည်မှာ ရက်စက်ပြင်းထန်ကြောင်း ကျပ်တစ်သောင်းတန် အတုကြောင့် ဖမ်းဆီးခံရသည့် အမျိုးသမီးနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဒီဇင်ဘာ ၂၆ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။ 
ဒိုက်ဦးမြို့နယ်တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုကြောင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီးငယ် မနော်သောသွဲ့ထူးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဒိုက်ဦးမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။ 

“ လောလောဆယ်တော့ တွေ့ရှိချက်တွေ သုံးသပ်ချက်တွေက အန်ကယ်တို့အဖွဲ့တွေက တိုင်ပင်လုပ်မှာဆိုတော့ ပြောလို့မရသေးဘူး။ ရေရာသေချာတာတစ်ခုကတော့ နံပါတ်တစ် ဒီကလေးမလေးသည် တခြားနိုင်ငံမှာ သွားပြီးတော့ အလုပ်လုပ်ရတယ်။ ပြောရရင်တော့ ကျွန်သွားခံရတော့ပေါ့။ နံပါတ်နှစ်အချက်က အဲဒီလိုလုပ်ရပြီး ရတဲ့ လုပ်ခတွေအကုန်လုံးက ငွေအတုဖြစ်ကုန်တယ်။ နှစ်ချက် နာတာပေါ့။ ငွေအတုဖြစ်သွားတော့ သုံးလို့မရတဲ့ကြားထဲက ဒီကျတော့တရားရုံးမှာ အရေးယူခံရတယ်။ သုံးချက် နာတယ်ပေါ့။တရားရုံးမှာ အရေးယူခံရတဲ့အပြင် ရဲစခန်းမှာ အချုပ်ခံထားရတော့ သူ့သိက္ခာပါကျတော့ လေးချက်နာတာပေါ့။ မိန်းကလေးတစ်ယောက်အနေနဲ့ တော်တော်လေးကို ရက်စက်ပြင်းထန်တဲ့ ပြဿနာ ဖြစ်နေတာပေါ့။ အဲဒါကတော့ သေချာပါတယ်။ ကျန်တဲ့မှားတယ်တွေ၊ မှန်တယ်တွေ ဘာတွေညာတွေတော့ အန်ကယ်တို့ မပြောလိုဘူးလေ။ ဒါနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သရွေ့တော့ ကူညီရမှာပဲ” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။ 

ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများကြောင့် မနော်သောသွဲ့ထူးမှာ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မဖြင့် ဒိုက်ဦးမြို့နယ်တရားရုံး၌ တရားစွဲဆိုခံထားရပြီး ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည်။ 

“အကြုံပြုချက်တို့၊ သုံးသပ်ချက်တို့ ထွက်လာတဲ့အခါကျမှ ဒီအပေါ်မှာမူတည်ပြီး လူကြီးတွေစဉ်းစားတော့ ဒါက ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး။ အန်ကယ်တို့က အတတ်နိုင်ဆုံးတော့ သူ့ကို ကူညီရမှာပေါ့” ဟု ဦးယုလွင်အောင်က ဆက်လက်ပြောကြားသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ရက်က ဒိုက်ဦး မြို့တွင် စင်ကာပူတွင် အိမ်အကူလုပ်ကိုင်ပြီး ပြန်လာသည့် အမျိုးသမီးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၅၄ ရွက် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ 

Eleven Media Group

0 comments:

Post a Comment