Wednesday, December 26, 2018

ဘီးလင်းမြို့ ကုသိနာရုံဆံတော်ရှင် တောင်တက်ကားလမ်း၌ ဘုရားဖူးယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ငါးဦးသေဆုံးကာ ၃၇ ဦး ဒဏ်ရာရရှိ


မွန်ပြည်နယ် ဘီးလင်းမြို့ ဘုရားရွာကျေးရွာရှိ ကုသိနာရုံဆံတော်ရှင် တောင်တက်ကားလမ်း၌ ဘုရားဖူးများ တင်ဆောင်လာသည့်ယာဉ် တိမ်းမှောက်မှုကြောင့် ငါးဦးသေဆုံးကာ ၃၇ ဦး ထိခိုက်ဒဏ်ရာများရရှိမှု ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 
ဖြစ်စဉ်မှာ ဘီးလင်းမြို့ ဘုရားရွာကျေးရွာရှိ ကုသိနာရုံ ဆံတော်ရှင်တောင်တက်ကားလမ်းတွင် ယာဉ်မောင်း ဦးတင်ဌေး (၅၅ နှစ်) မောင်းနှင်သော ယာဉ်အမှတ် MON - 4E / - - - - တပ်ဆင်ထားသော Canter အမျိုးအစားယာဉ်ပေါ်တွင် ကျား ၁၄ ဦး၊ မ ၂၄ ဦး တင် ဆောင်ပြီး ကုသိနာရုံ ဆံတော်ရှင်တောင် ပေါ်မှဆင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း ဘေးဝဲဘက်သို့ လဲကျတိမ်းမှောက်သွားကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရေအုတ် ကန်ရပ်ကွက်နေသူများဖြစ်ကြသည့် ဒေါ်နွဲ့ နွဲ့ရီ (၄၆ နှစ်)၊ မအိမ့်သဇင်မှူး လေးနှစ်၊ မောင်ကျော်မင်းဦး (၁၉ နှစ်)၊ မကေသီ (၃၃ နှစ်) နှင့် ဒေါ်ရင်ကြည် (၆၀ နှစ်) တို့မှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ဦးတင်ဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရေအုတ်ကန်ရပ်ကွက်နေ မောင်နိုင်မျိုးဦး (၁၄ နှစ်) အပါအဝင် ကျား ၁၃ ဦးနှင့် မ ၂၄ ဦးတို့မှာ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပြီး ဘီးလင်းမြို့နယ် ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြရကြောင်း သိရသည်။ 

“ဖြစ်တာက ၁၀ နာရီ မိနစ် ၅၀ လောက် က ဖြစ်တာ။ ရန်ကုန်က ဘုရားဖူးအဖွဲ့တွေ ဖြစ်တာပါ။ ဘီးလင်းမြို့ ဘုရားရွာကျေးရွာ ကုသိနာရုံဘုရား တောင်တက်လမ်းမှာ ဘုရား သွားတဲ့အဖွဲ့ ယာဉ်တိမ်းမှောက်မှုဖြစ်တာပါ။ ယာဉ်မောင်းက ဦးတင်ဌေး၊ ယာဉ်ပေါ်မှာက ကျား ၁၄ ဦး၊ မ ၂၈ ဦးပေါင်း ၄၂ ဦး လိုက်ပါလာ တယ်။ ကုသိနာရုံတောင်မှာ ဘုရားဖူးပြီး ပြန်ဆင်းလာတဲ့အချိန်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ဝဲဘက်ခြမ်းကို တိမ်းမှောက်သွားတယ်။ ယာဉ်ပေါ်မှာပါလာတဲ့ ဘုရားဖူးခရီးသည် ငါးဦးသေဆုံးတယ်။ ကျား ၁၂ ဦး၊ မ ၂၄ ဦးပေါင်း ၃၆ ဦးနဲ့ ယာဉ်မောင်း ဦးတင်ဌေးတို့ ထိခိုက်ဒဏ်ရာတွေ အသီးသီးရရှိခဲ့ပါတယ်” ဟု ဘီးလင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသန်းဇော်လေးက ပြောကြားသည်။ 

“ဘုရားဖူးတွေက မဲလံတောင် ကျောက်ပိဘုရားဖူးသွားပြီး အပြန်မှာ ဒီကုသိနာရုံဘုရားကို ဝင်ဖူးကြတာလို့ သိရပါတယ်။ ကုသိနာရုံတောင်မှာက တောင်တက်ကား မရှိဘူး။ သူတို့အစီအစဉ်နဲ့ သူတို့သွားကြတယ်လို့ သိရပါတယ်။ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး လေးဦး၊ စုစုပေါင်း ငါးဦးကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ ရန်ကုန်က ဆွေမျိုးသားချင်းတွေနဲ့တော့ ချိတ်မိပြီ။ သူတို့တွေ ဆင်းလာကြမယ်ပေါ့။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ လောလောဆယ် ဘီးလင်းပြည်သူ့ ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်။ ရန်ကုန်ကို လွှဲပေးရမယ့်သူတွေကိုလည်း လွှဲ ပေးလိုက်မယ်ပေါ့။ Dead Body တွေကို လည်း ပြန်သယ်သွားမယ်လို့ ပြောနေကြပါတယ်” ဟု ယာဉ်တိမ်းမှောက်မှုအား ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေးသူ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ပြောကြားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးတင်ဌေးအပေါ် ဘီးလင်းမြို့မ ရဲစခန်း (ယာဉ်) ပ ၅၈/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ (က)/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment