Thursday, December 27, 2018

ခန္တီးမြို့မှာလည်း မြို့သင်္ကေတအဖြစ် အလေးချိန် ၃တန်အထက် ကျောက်စိမ်းတုံး ၂ တုံးထားမည်


စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရတနာနယ်မြေဖြစ်တဲ့ ခန္တီးမြို့မှာလည်း မြို့ရဲ့သင်္ကေတအဖြစ် အလေးချိန် ၄ တန်ကျော် နဲ့ ၃ တန်ကျော်ရှိတဲ့ ကျောက်စိမ်းတုံး ၂ တုံးကို ထားရှိဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 


အဆိုပါ ကျောက်စိမ်းတုံး ၂တုံးကို ကျောက်မျက်ဌာနက ကုမ္ပဏီတွေက နေတစ်ဆင့်အလှူခံထားပြီး ခန္တီးမြို့မှာ ထားရှိဖို့ ပြန်လည်ပေးအပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 
ခန္တီးမြို့၊ မြို့မရပ်ကွက် ကမ်းနားလမ်း မဉ္ဇူပန်းခြံမှာ ၃ တန်ကျော်ရှိတဲ့ ကျောက်စိမ်းတုံးကိုထားရှိမှာဖြစ်ပြီး ၊ ပန်းခြံနဲ့မျက်စောင်းထိုးရှိ မြို့မဘုန်းကြီးကျောင်းအတွင်းမှာ ၄ တန်ကျော်ရှိကျောက်စိမ်းတုံးကိုထားရှိမှာဖြစ်တယ်လို့ ခန္တီးမြို့နယ် စည်ပင်ဥက္ကဌ ဦးဘကြိုင်က ပြောပါတယ်။ 
"အကောင်းစားကြီးတော့မဟုတ်ပါဘူး။ အညံ့စားပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နယ်မြေမှာ ကျောက်စိမ်းထွက်ခဲ့ပါတယ်ဆိုတဲ့ သဘောအနေနဲ့ပါပဲ။ ၂ တုံးစလုံးကြတော့လည်း ကျွန်တော်တို့ ဘတ်ဂျက်အနေအထားအရ အဆင်မပြေတဲ့အတွက် ပန်းခြံထဲမှာထားမယ့်တစ်တုံးကိုတော့ ကျွန်တော်တို့လုပ်နေပါတယ်။ မြို့မကျောင်းထဲထားမယ့်အတုံးကတော့ ဆရာတော်က အလှူငွေနဲ့လုပ်မယ်" လို့ ၎င်းကဆိုပါတယ်။ 
ကျောက်စိမ်းတုံးအတွက် နိုင်ငံတော်ကို ၂၈ သိန်းအခွန်ဆောင်ထားတယ်လို့လည်းသိရပါတယ်။ 
လက်ရှိမှာကျောက်စိမ်းတုံးထားရှိမယ့် ပန်းခြံအတွင်းမှာ အောက်ခြေခုံတည်ဆောက်နေပြီး အပေါ်မှာကြာပန်းပုံကလပ်ထားရှိမှာဖြစ်ကြောင်း၊ အဆိုပါ ကလပ်အပေါ်မှာ ကျောက်စိမ်းတုံးကိုထားရှိမှာဖြစ်ကြောင်းသိရပါတယ်။ 
လုပ်ငန်းအားလုံးဟာ လာမယ့် ဇန်န၀ါရီ ၁၅ ရက်နေ့လောက်မှာအပြီးသတ်ဖို့ ခန့်မှန်းထားတယ်လို့ ဦးဘကြိုင်က ဆိုပါတယ်။ 
လက်ရှိ မှာဆိုရင် မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်မှာဆိုလည်း မြို့ရဲ့ သင်္ကေတအဖြစ် သိန်းထောင်ချီတန်တဲ့ ကျောက်စိမ်းတုံး ၂ တုံးကိုထားရှိဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ကချင်ပြည်နယ်က ကျောက်စိမ်းတုံး ၂ တုံးကိုတော့လာမယ့် ဇန်န၀ါရီလ ၁၀ ရက်နေ့(ကချင်ပြည်နယ်နေ့)မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ကဖွင့်ပွဲအခမ်းအနားနဲ့ ဖွင့်လှစ်ထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။ 










Photo- TPK
Popular News Journal 

0 comments:

Post a Comment