Thursday, December 27, 2018

တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ကားနှင့်ရထားလမ်း ပြန်ချိတ်ဆက်မည်


တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ သူတို့နှစ်နိုင်ငံကို ဆက်သွယ်ထားတဲ့ ရထားနဲ့ ကားလမ်းတွေကို ပြန်ချိတ်ဆက်မယ့် စီမံကိန်းအတွက် အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်မှာ ကျင်းပပါတယ်။ 
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စီမံကိန်းတွေကြောင့် ဒဏ်ခတ်မှုတွေ ဆက်ရှိနေလို့ ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတော့ မစတင်နိုင်သေးပါဘူး။ 

နှစ်နိုင်ငံလုံးကတော့ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးတည်းက ပြတ်တောက်နေတဲ့ ရထား လမ်းတွေနဲ့ ကားလမ်းတွေကို ပြန်ချိတ်ဆက်ဖို့ အောက်တိုဘာလက သဘောတူခဲ့ကြပါတယ်။ 

ဒါဟာ ဒီနှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးအေးခဲမှု အရည်ပျော်လာတဲ့ ဥပမာတရပ် ဖြစ်ခဲ့ပါတယ်။ 

တောင်ကိုရီးယား အရာရှိတွေ နိုင်ငံရေးသမားတွေနဲ့ စစ်ပွဲကြောင့် အိုးအိမ်ရွှေ့ပြောင်းရတဲ့ မိသားစုဝင်တွေ အယောက် ၁ဝဝ လောက်ကို တင်လာတဲ့ အထူးရထားဟာ ကေဆောင် နယ်စပ်မြို့ထဲက ပန်မွန်ဘူတာကို ရောက်လာပါတယ်။ 

သူတို့ကို မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့၊ ကုလသမဂ္ဂ တရုတ်၊ ရုရှားနဲ့ မွန်ဂိုလီးယား အရာရှိတွေက လာရောက် ပူးပေါင်းတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။ 

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကြောင့် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်က ဒဏ်ခတ်ပိတ်ပင်ထားလို့ ဒီစီမံကိန်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဟန့်တားထားပါတယ်။ 

မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ချိန်တိုင်အောင် ဒဏ်ခတ်မှုတွေ ဆက်ထားမယ်လို့ အမေရိကန်က အခိုင်အမာ ပြောထားပါတယ်။

DVB

0 comments:

Post a Comment