Thursday, December 27, 2018

အသံထက်မြန်သည့် ဒုံးကျည်တပ်ရင်းကို ရုရှားက လာမည့်နှစ်တွင် တပ်ချမည်



ရုရှားဟာ သူ့ရဲ့ ပထမဆုံးဖြစ်တဲ့ အသံထက်မြန်တဲ့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တပ်ရင်းကို လာမယ့်နှစ်မှာ တပ်ချထားတော့မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဒီဇင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။ 
သူ့နိုင်ငံမှာ ဗျူဟာမြောက် လက်နက်ပုံစံသစ် ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလို့လည်း ပူတင်က ပြောပါတယ်။ အာဗန်ဂါ့ဒ်လို့ခေါ်တဲ့ ဒုံးကျည်စနစ်သစ်ကို တပ်မချခင် အကြိုစမ်းသပ်နေတယ်လို့ ပူတင်က ဆိုပါတယ်။ 

မတ်လတုန်းက ပူတင် ကြေညာခဲ့တဲ့ လက်နက်အသစ်တွေ အတော်များများထဲက တခုဖြစ်တဲ့ ဒုံးကျည်စနစ်သစ်ဟာ နိုင်နိုင်နင်းနင်း စီမံကိုင်တွယ်နိုင်စွမ်း မြင့်တယ်။ ဒုံးကျည် ကာကွယ်ရေး စနစ်တွေကို အလွယ်တကူ ထိုးဖောက်နိုင်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ 

ဗုဒ္ဓဟူးနေ့က စမ်းသပ်မှုကို ပူတင်ဟာ ရုရှားမြို့တော် မော်စကိုက ကာကွယ်ရေး ဝန်ကြီးဌာနကနေ အဝေးထိန်းစနစ်နဲ့ လေ့လာခဲ့ပါတယ်။ 

ရုရှားနိုင်ငံ အနာက်တောင်ပိုင်းက နေရာတခုကနေ လွှတ်တင်ခဲ့တဲ့ အာဗန်ဂါ့ဒ် ဒုံးကျည်ဟာ ရုရှား အရှေ့ပိုင်းက ပစ်မှတ်ကို အောင်အောင်မြင်မြင် ထိမှန် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားအစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။ 


ဒီဒုံးကျည်အပါအဝင် လက်နက်သစ်တွေဟာ ကမ္ဘာပေါ်က ပစ်မှတ် အားလုံးနီးပါးကို ထိမှန်နိုင်တယ်။ အမေရိကန်က တည်ဆောက်ထားတဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်ကိုလည်း ထိုးဖောက်နိုင်တယ်လို့ ပူတင်က မတ်လမှာ ကြေညာခဲ့ပါတယ်။

DVB 

0 comments:

Post a Comment