Wednesday, December 26, 2018

ဇီးပင်ကြီး သင်တန်းကျောင်းဘက်မှရှင်းမည့် သတင်းစာရှင်းလင်းပွဲပျက်


မိုးကုတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ (သွားကျန်းမာ) မှ ဒေါက်တာစိုးသူရဇော် ရေးသားသည့် “ဇီးပင်ကြီး စစ်တမ်း´´ နှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲပျက်သွားခဲ့သည်။ 
ယင်းရေးသားချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအဖြစ် ဖြေရှင်းသွားမည်မဟုတ်ပဲ သတင်းထုတ်ပြန်ချက်များကို http://www.ucsb.gov.mm တွင် အလျဉ်းသင့်သလို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည် ။ 

“တသီးတသန့်ရှင်းလင်းပွဲ မလုပ်တော့ဘူး ။ ဝက်ဆိုဒ်မှာပဲ သတင်းထုတ်ပြန်ချက် တင်သွားမှာဖြစ်လို့ သတင်းစာရှင်းလင်းပွဲမလုပ်ဖြစ်တာပါ” ဟု အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ 

မိုးကုတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ (သွားကျန်းမာ) မှ ဒေါက်တာစိုးသူရဇော် သည် အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) တွင် အောက်တိုဘာလ ၉ ရက်နေ့ မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ အရာထမ်းလောင်း အခြေခံ အထူးသင်တန်းတက်ရောက်ခဲ့ပြီး သင်တန်း၌ ကြုံတွေ့ခဲ့သည့်များကို “ဇီးပင်ကြီး စစ်တမ်း´´ အမည်ဖြင့်ရေးသား၍ လူမှုကွန်ယက်တွင် တင်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ရေး သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် “ဇီးပင်ကြီး သင်တန်းတက်ရောက်ရာတွင် လိုက်နာရသော နေပုံ ထိုင်ပုံများအား ဝေဖန်ထားခြင်း” ၊ “ဝန်ထမ်းသတ်၍ အစိုးရသေခြင်း ဟူသောခေါင်းစဉ်ဖြင့် လာရောက်သင်ကြားသော သက်ဆိုင်ရာဘာသာရပ်များ၏ ဆရာ ဆရာမများအားဝေဖန်ထားခြင်း” ၊ “ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီးတည်ထောင်တော်မူခဏ်း ဟူသောခေါင်းစဉ်ဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး)၏ စည်းကမ်းနှင့် နည်းစနစ်များကို ဝေဖန်ခြင်း” စသည်တို့ကြောင့် စုံခုံဖွဲ့စစ်ဆေးခဲ့သည် ။ 

“ခုံဖွဲ့စစ်တာက ပြီးပြီး ရုံးချုပ်ကို တင်ပေးလိုက်ပြီ ။ ဝန်ကြီးကိုယ်တိုင် အရေးမယူဘူးဆိုပြီး မီဒီယာတွေကို ဖြေကြားထားတာရှိတယ် ။ ပြီးသွားပါပြီ” ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့် က ပြောသည်။ 

ဒေါက်တာစိုးသူရဇော်၏ ရေးသားချက် မှန်ကန်ခဲ့ပါက တိုင်းပြည် မငြိမ်မသက်ဖြစ်ရန် ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူအများ မပါဝင်စေရန် ၊ NLD အစိုးရအား အယုံအကြည်မရှိစေရန် စနစ်တကျ ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များက ဝေဖန်ကြသည်။ 


နိုင်လင်းဦး
The Fifth Wave News


0 comments:

Post a Comment