Thursday, December 27, 2018

ထိုင်းအချုပ်မှ ပြန်လွတ်ပြီး ကော့သောင်းရောက်လာသူ ၂ လအတွင်း ၄၀၀ ကျော်ရှိပြီ


ထိုင်းနိုင်ငံအချုပ်မှ လွှတ်လိုက်လို့ ကော့သောင်းနယ်စပ်ဂိတ်ကို ပြန်ရောက်လာသူ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေ ၂ လအတွင်း ၄၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ 
ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းကလည်း ထိုင်းအချုပ်မှ လွှတ်လိုက်တဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၀၀ ရနောင်းမြို့မှတဆင့် ကော့သောင်းနယ်စပ်ဂိတ်ကို ပြန်လည်ရောက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိအဖွဲ့အစည်းအသီးသီးက လက်ခံခဲ့ကြပါတယ်။ 

ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ကျား ၈၂ ယောက်နဲ့ မ ၁၈ ယောက် ပေါင်း ၁၀၀ အယောက် ၁၀၀ ကို ကော့သောင်းမြို့ မဉ္စူသကခန်းမမှာ ယာယီထားပြီး နေရပ်ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။ 

“သူတို့က အနယ်နယ်အရပ်ရပ်က ဖမ်းမိထားတဲ့သူတွေစုပြီး ထိုင်းလ၀ကကို ပို့တာပါ။ အနယ်နယ်အရပ်ရပ်က အသွင်အမျိုးမျိုးနဲ့ အဖမ်းခံရတာတွေပါ။ ကျနော်တို့က သူတို့တွေ မြန်မာနိုင်ငံကို ဘေးမသိရန်မခ ရောက်သွားအောင် ကူညီပေးတာ” လို့ နယ်ခြားကော်မတီဝင် တဦးက ပြောပါတယ်။ 

“ကျမက အိမ်ဖော်လုပ်ပါတယ်။ လစာက တလကို ဘတ် ၁ သောင်းရပါတယ်။ သူဌေးက စားစရိတ်ပေးလို့ ဈေးထွက်ဝယ်ရာမှာ ထိုင်းရဲနဲ့တွေ့ပြီး ပတ်စပို့ မရှိလို့ အဖမ်းခံရတာပါ။ ထိုင်းအချုပ်မှာ တလကျော်နေခဲ့ရပါတယ်” လို့ မွန်ပြည်နယ်ဇင်းကျိုက်က အိမ်ဖော်အလုပ် သွားရောက်လုပ်ကိုင်သူတဦးက ပြောပါတယ်။ 

ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားတွေဟာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တွေကဖြစ်ပြီး မော်တော်ယာဉ်စီစဉ်ပေးပြီး နေရပ်ဒေသတွေကို ပြန်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ 

ထိုင်းအချုပ်က ပြန်လွတ်လာသူတွေကို လက်ခံပြီး နေရပ်ပြန်ပို့ပေးနေတာ နိုဝင်ဘာကနေ ဒီဇင်ဘာနောက်ဆုံးအပတ်အထိ စုစုပေါင်း ၄၀၁ ယောက် ရှိသွားပြီလို့ လဝကစာရင်းတွေအရ သိရပါတယ်။ 

လတ်ကိုကိုဦး
DVB

0 comments:

Post a Comment