Tuesday, December 25, 2018

ကျင့်သုံးဆဲဥပဒေများအနက် ရုပ်သိမ်း၊ ပယ်ဖျက်သင့်သည့်ဥပဒေ ၂၇ ခု၊ ပြင်ဆင်ရန်သင့်လျော်သည့် ဥပဒေ ၄၆ ခု၊ အဟောင်းရုပ်သိမ်းသင့်သည့် ဥပဒေ ၈၇ ခု၊ အသစ်ရေးဆွဲရန် သင့်လျော်သည့်ဥပဒေ အခု ၄၀ ကို လွှတ်တော်သို့တင်သွင်း


ကျင့်သုံးဆဲဥပဒေများအနက် ရုပ်သိမ်း၊ ပြင်ဆင်၊ အသစ်ပြင်ဆင်ရေးဆွဲသင့်သည့် ဥပဒေ ၂၀၀ တွင် ရုပ်သိမ်း၊ ပယ်ဖျက်သင့်သည့် ဥပဒေ ၂၇ ခု၊ ပြင်ဆင်ရန်သင့်လျော်သည့် ဥပဒေ ၄၆ ခု၊ အဟောင်းရုပ်သိမ်းသင့်သည့် ဥပဒေ ၈၇ ခု၊ အသစ် ရေးဆွဲရန် သင့်လျော်သည့် ဥပဒေ အခု ၄၀ ခုကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားကြောင်း သတင်းရရှိသည်။ 
ယင်းကိစ္စနှင့် ပတ်သက်၍ နေပြည်တော်၌ ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က လပေါင်း ၃၀ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။ 

ယင်းကော်မရှင်အနေဖြင့် ကျင့်သုံးဆဲ ဥပဒေများအနက်မှ ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲ၍ အဟောင်းရုပ်သိမ်းရန်နှင့် အသစ်ရေးဆွဲရန် သင့်လျော်သည့် ဥပဒေများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ နှင့် ဆွေးနွေးညှိနှိုင်းစိစစ်ဆောင်ရွက်ရာ ဥပဒေ ၂၀၀ တွေ့ရှိရကြောင်း၊ ၎င်းဥပဒေစာရင်းကို ကော်မရှင်အနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့မှတ်တမ်းတင်ထားကြောင်း၊ ကော်မရှင်အနေဖြင့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲရာတွင် ဥပဒေ၏ ပင်ကိုယ်သဘာဝအရ တရားမျှတမှုရှိရန်၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးစီးပွားကို ဖြစ်ထွန်းစေပြီး ပြည်သူများလိုက်နာဆောင်ရွက်နိုင်မည့် ဥပဒေများဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာသန်းဝင်းက ပြောကြားသည်။ 

အဆိုပါဥပဒေ ၂၀၀ အနက် ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်သင့်သည့် ဥပဒေ ၂၇ ခု၊ ပြင်ဆင်ရန်သင့်လျော်သည့် ဥပဒေ ၄၆ ခု၊ အသစ်ရေးဆွဲ၍ အဟောင်းရုပ်သိမ်းသင့်သည့် ဥပဒေ ၈၇ ခု၊ အသစ်ရေးဆွဲရန် သင့်လျော်သည့် ဥပဒေ ၄ဝခုရှိကြောင်း၊ ထို့ အပြင် ကျင့်သုံးဆဲဥပဒေများအရ ထုတ်ပြန်ထားသည့် နည်းဥပဒေများသည် မူရင်းဥပဒေများနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ပြီး ပြင်ဆင်သင့်သည့် နည်းဥပဒေနှစ်ခုကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်ဟု သိရသည်။ 

ထို့အပြင် မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ရုပ်သိမ်းပြီးဥပဒေများ၊ ကျင့်သုံးခြင်းမရှိသည့် ဥပဒေများနှင့် ကျင့်သုံးဆဲဥပဒေများကို စာရင်းပြုစုရာတွင် ကျင့်သုံးဆဲဥပဒေ ၃၉၇ ခုစာရင်းရှိကြောင်း၊ ၎င်းကျင့်သုံးဆဲ ဥပဒေများအနက် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအလိုက် စီမံခန့်ခွဲရမည့် ဥပဒေစာရင်းကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းအတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမှတ်တမ်း တင်ထားကြောင်း၊ ကော်မရှင်အနေဖြင့် ပြဋ္ဌာန်းပြီးသည့် နည်းဥပဒေများကို မူရင်းဥပဒေနှင့် ဆီလျော်မှု ရှိ၊ မရှိ လေ့လာသုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ စိစစ်တင်ပြခြင်း၊ နည်းဥပဒေထုတ်ပြန်ရန် ကျန်ရှိနေသေးသော ဥပဒေများအား နည်းဥပဒေဆက်လက် ထုတ်ပြန်နိုင်ရေး ပြုစုတင်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ နောင်တွင်လည်း ဥပဒေပြဋ္ဌာန်းသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်သည့် နည်းဥပဒေများကိုပါ ရေးဆွဲပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာသန်းဝင်းက အစီရင်ခံစာတင်သွင်းစဉ် ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment