Tuesday, December 25, 2018

စကားထိုင်ပြောနေသူ နှစ်ဦးအား အကူညီတောင်းချင်ဟန်ဆောင်ပြီး အုပ်စုဖွဲ့ ဓားဖြင့်ထိုးကာ လုယက်မှုကြောင့် ရတနာပုံတက္ကသိုလ် ကျောင်းသားတစ်ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဂန္ဓာရုံကျောင်းရှေ့၊ ကန်ပတ်လမ်းဘေးရှိ အုတ်ခုံတွင် စကားထိုင်ပြောနေသူ နှစ်ဦးအား အကူညီတောင်းချင်ဟန်ဆောင်ပြီး အုပ်စုဖွဲ့ဓားဖြင့်ထိုး လုယက်မှုကြောင့် ရတနာပုံတက္ကသိုလ် ကျောင်းသားတစ်ဦး သေဆုံးမှု ဒီဇင်ဘာလ ၂၅ ရက်က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ 
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၆ နာရီခန့်က အမရပူရမြို့နယ်၊ ပန်းဘဲတန်းရပ်တွင် နေထိုင်သည့် ရတနာပုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မောင်စိုးမိုးဟိန်း (၂၂ နှစ်) သည် သူငယ်ချင်းဖြစ်သူ မ... (၂၄ နှစ်) နှင့် အတူထိုင်ကာ ဂန္ဓာရုံကျောင်းရှေ့၊ ကန်ပတ်လမ်းဘေးရှိ အုတ်ခုံပေါ်တွင် စကားပြောဆိုခဲ့ကြောင်း၊ ထိုသို့ စကားပြောဆိုနေစဉ် ၇ နာရီခွဲခန့်တွင် အမည်မသိ လူငယ်လေးဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကာ ၎င်းတို့အနီးရပ်၍ အကူညီတောင်းစရာရှိသည်ဟု ပြောဆိုကာ မောင်စိုးမိုးဟိန်းတို့ နှစ်ဦးကို တစ်ဦးစီ နောက်မှသိုင်းဖက်ပြီး မျက်နှာအုပ်ထားခဲ့ကြောင်း၊ ၎င်းတို့အနက် တစ်ဦးမှ မောင်စိုးမိုးဟိန်းကို ချွန်ထက်သောအရာဖြင့် ထိုးလိုက်ရာ ကန်စပ်သို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ထို့နောက် ကန်စပ်သို့ ပြန်တက်လာကာ ထွက်ပြေးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ 

ဓားဖြင့် ထိုးသွင်းခဲ့သောကြောင့် မောင်စိုးမိုးဟိန်းမှာ ဝဲဘက်ရင်အုပ်နှင့် တင်ပါးတို့တွင် ထိုးသွင်းဒဏ်ရာ နှစ်ချက်ရရှိခဲ့ရာ ၎င်းတို့နှစ်ဦးသည် ပတ်ဝန်ကျင်းသို့ အကူညီတောင်းခံခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကုသနေစဉ် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁ နာရီ မထိုးခင်အချိန်တွင် မောင်စိုးမိုးဟိန်းမှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမရပူရမြို့မရဲစခန်းမှူးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်တော်တို့အခု စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး ဖမ်းဆီးရမိဖို့ အမြန်ဆုံးကြိုးစားနေပါတယ်။ အခုမှ အလောင်းကို စစ်ဆေးတာတို့ ဘာတို့ လုပ်နေတုန်းမို့ပါ”ဟု ဒုရဲမှူး ဆန်းဝင်းက ပြောကြားခဲ့သည်။ 

ဓားဖြင့် ထိုးခဲ့ပြီးနောက် မောင်စိုးမိုးဟိန်း၏ ပိုက်ဆံအိတ်ကို ယူဆောင်သွားခဲ့သည်ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုရဲမျိုးဆွေက ပြောကြားခဲ့သည်။ 

ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာ ၊ရတနာပုံမြို့သစ်စီမံကိန်းအနီးတွင် ရတနာပုံဆိုင်ဘာစီးတီးမှ ကျောင်းသားကျောင်းသူ နှစ်ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူခဲ့ရာ ကျောင်းသားမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးမှု ဒီဇင်ဘာလ ၆ ရက်လည်း ဖြစ်ပွားခဲ့သည်။ 

Eleven Media Group

0 comments:

Post a Comment