Wednesday, December 26, 2018

ဒဂုံတက္ကသိုလ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါက တက္ကသိုလ်မြို့ကြီးပေါ်လာနိုင်ဟု ရန်ကုန်တိုင်းဝန်ကြီး ချုပ်ပြော


ဒဂုံတက္ကသိုလ်အကျယ်အဝန်းသည် အလွန်ကြီးမားသော်ကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်နိုင်မည်ဆိုပါက တက္ကသိုလ် မြို့ကြီးပေါ်လာနိုင်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 
ဒီဇင်ဘာလ ၂၆ ရက်က နံနက် ၉ နာရီခွဲတွင် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် ဒဂုံတက္ကသိုလ် ၂၅ နှစ် ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ 

“ ကျောင်းသူ ကျောင်းသားများ ပညာသင်ကြားနိုင်ဖို့အတွက် စတင်တည်ထောင်ခဲ့တဲ့ ဒဂုံတက္ကသိုလ်ရဲ့ အကျယ်အဝန်းက အ လွန်ကြီးမားတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင် တက္ကသိုလ်မြို့ကြီးတောင် ဒီနေရာမှာ ပေါ်နိုင်တဲ့အခြေအ နေရှိပါတယ်။ ဒီအခွင့်အလမ်းက အလွန်ကောင်းမြတ်တဲ့ အခွင့်အလမ်းဖြစ်ပါတယ်။ ဒီအခွင့်အလမ်းကို သုံးပြီး ပညာရေးအပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ 

ဆရာ ၊ ဆရာမများအနေဖြင့် မိမိတို့၏ အတတ်ပညာနှင့် ပတ်သက်ပြီး ဖြည့်ဆည်းထားရန် လိုအပ်လာမည်ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာန လက်အောက်တွင် ဆောင်ရွက်နေကြသည့်ဆရာ ၊ ဆရာမများ အနေဖြင့် ပိုမိုသစ်လွင် ကောင်းမွန်သည့် အတွေး အခေါ်များဖြင့် ပညာရေးစနစ်ကို မြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း ၎င်းကပြောသည်။ 

“တက္ကသိုလ်များရဲ့ သင်ကြားမှုအထူးပြု ဘာသာရပ် သင်ရိုးညွှန်းတန်းများ ၊ သင်ကြား ၊ သင်ယူမှု နည်းလမ်းများ ၊ နိုင်ငံတကာ တက္ကသိုလ် အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုများမှာ ဒေသအကျိုး ၊ နိုင်ငံအကျိုးနဲ့ ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူ ပြုနိုင်ရေးအတွက် လက်တွေ့အသုံးချနိုင်ရန် လိုအပ်ပါတယ်” ဟု ပညာရေး ဝန်ကြီးဌာန ဒေါက်တာမျိုးသိမ်းကြီး ကပြောသည်။ 

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ဒဂုံတက္ကသိုလ် ၂၅ နှစ် ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပရေး ဥက္ကဋ္ဌ ဒုတိယ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ ဒေါ်နုနုရီတို့က အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဦးမျိုးသိမ်းကြီး ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။ 


ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment