Wednesday, December 26, 2018

ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဘာသာရပ်မှ စတုတ္ထနှစ် ကျောင်းသားအသတ်ခံရမှု CID စစ်ဆေးနေ


ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတု ဘာသာရပ်မှ စတုတ္ထနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းအသတ်ခံရမှုနှင့် ပတ်သက်ပြီး တရားခံ ဖမ်းဆီးရမိရေး CID (မူခင်းရဲတပ်ဖွဲ့)ဖြင့်ပါ ပူးပေါင်းဆောင်ရွက်နေကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့ ယာယီ ဒုရဲမှူးကြီး တင်အေးကျော်က ပြောသည်။ 
ကျောင်းသား ကိုစိုးမိုးဟိန်းအသတ်ခံရမှုနှင့်ပတ်သက်ပြီး ရတနာပုံတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားများမှ ဒီဇင် ဘာလ ၂၆ ရက်က အမရပူရမြို့မစခန်းသို့ သွားရောက်မေးမြန်းစဉ် အထက်ပါ အရာရှိ ကပြောကြားလိုက်ခြင်းဖြစ်သည်။ 

“အခုမနက်ဆိုရင် CID အဖွဲ့ရယ် ပေါင်းစပ်ပြီးတော့ အမှုပေါ်ဖို့အတွက် ကြိုးစားဆောင်ရွက်နေတယ်။ စုံစမ်းနေတယ်။ CCTV မှတ်တမ်းတွေကြည့်နေတယ်။ လူကြီးတွေရဲ့ညွှန်ကြားချက်နဲ့ နယ်မြေထဲကို နယ်ထိန်းရယ်၊ မှုနှိမ်အဖွဲ့ရယ်၊ CID အဖွဲ့တွေရယ် ပတ်ပြီးတော့ စုံစမ်းနေပါတယ်” ဟု ယာယီဒုရဲမှူးကြီး တင်အေးကျော် ကပြောသည်။ 

ကိုစိုးမိုးဟိန်းနှင့် ချစ်သူဖြစ်သူတို့မှာ စကားပြောနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူလေးယောက် ရောက်လာပြီး အကူအညီတောင်း ချင်သည်ဟုပြောကာ ဝင်လာပြီး မိန်းကလေးဖြစ်သူအား ပါးစပ်ပိတ်ကာ ကိုစိုးမိုးဟိန်းအား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းများအရ သိရသည်။ 

လက်ရှိတွင် ဓားဖြင့်ထိုးသတ်သွားသူ လေးဦးကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

ရတနာပုံတက္ကသိုလ်ကျောင်း၌ ပညာသင်ကြားနေသည့် ကုန်ထုတ်ဓာတု(IC) နောက်ဆုံးနှစ်ကျောင်းသား မောင်စိုးမိုးဟိန်း (၂၄) နှစ်ခန့် မှာ ထိုးသွင်းဒဏ်ရာနှစ်ချက်ဖြင့် မန္တလေးဆေးရုံ၌ ကုသမှုခံယူနေစဉ် ယင်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အမရပူရမြို့ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment