Tuesday, December 25, 2018

ထားဝယ်မြို့လယ်တွင် တုတ်၊ ဓား၊ ရဲတင်းများ ကိုင်ဆောင်ထားသည့် ဆိုင်ကယ်စီးလူငယ်အုပ်စုက အခြားလူငယ်နှစ်ဦး၏ ဆိုင်ကယ်ကို ကန်လှဲပြီး ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့လယ်ရှိ အာဇာနည်လမ်းမပေါ်၌ ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီခွဲက တုတ်၊ ဓား၊ ရဲတင်းများ ကိုင်ဆောင်ထားသည့်ဆိုင်ကယ်စီး လူငယ်အုပ်စုကလမ်းပေါ်တွင် သွားလာနေသည့် အခြားလူငယ်နှစ်ဦး၏ ဆိုင်ကယ်ကို ကန်လှဲပြီး ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့သောကြောင့် လူငယ်တစ်ဦးထိခိုက်ကာ ဆိုင်ကယ်ပျက်စီးခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ ရက်ည ၈ နာရီခွဲက ရိုက်နှက်ခံရသည့် ဇင်ကို (၁၆ နှစ်) မှာ သူငယ်ချင်းဖြစ်သူ၏ ဆိုင်ကယ်နောက်တွင် လိုက်ပါပြီး အာဇာနည်လမ်းအတိုင်းမောင်းနှင်လာစဉ် ဆိုင်ကယ်စီးလူငယ်တစ်စုက တုတ်၊ ဓား၊ ရဲဒင်းများကိုင်ဆောာင်၍ ၎င်းတို့နောက်က လိုက်ပါလာပြီး ဆန်းသစ်မုန့်တိုက် ရှေ့အရောက်တွင် ဆိုင်ကယ်ကို ကန်လှဲပြီး တုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ဆိုင်ကယ်လဲသွားပြီးနောက် ယင်းလူငယ်အုပ်စုက ဝိုင်းဝန်းရိုက်နှက်သဖြင့်ထွက်ပြေးခဲ့ရပြီး ဇင်ကိုတွင် ဆိုင်ကယ်လဲသည့်ဒဏ်ရာနှင့် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် ဝဲလက်မောင်း၊ ဝဲပေါင်ရင်းနှင့် ကျောပြင်တို့တွင်(မစိုးရိမ်ရ)ဒဏ်ရာများရရှိကာ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေရသည့်အပြင် ၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်မှာလည်း ၀ိုင်းဝန်းရိုက်နှက်ဖျက်ဆီးမှုကြောင့် ကျပ်တစ်သိန်းဖိုးခန့် ပျက်စီးခဲ့ရသည်ဟု ထားဝယ်မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။ 

“၃ နာရီထိုးလောက်မှာ ရဲစခန်းကလာခေါ်တယ်။ ကျွန်တော့်သား အရိုက်ခံရတယ်။ ဒဏ်ရာရလို့ ဆေးရုံမှာ ဆေးထည့်ပေးပြီးပြန် လာတယ်။ ဒါကိုဘယ်လိုလုပ်ချင်လဲ။ အမှုဖွင့်မှာလားလို့ မေးတယ်။ ကျွန်တော်က လတ်တလော စဉ်းစားလို့ မရသေးဘူး။ မနက်ကျမှပြန်လာမယ်လို့ ပြောပြီး ကျွန်တော့်သားကို ပြန်ခေါ်လာတာ။ အိမ်ရောက်တော့ ကျွန်တော့်သား ဒဏ်ရာက မသက်သာဘူး။ မနက်ကျတော့ တစ်ကိုယ်လုံးကိုက်ခဲပြီး ဒဏ်ရာတွေက ပွနေတော့ ဆေးရုံပို့လိုက်တယ်။ အရိုက်ခံရတာက သူတို့ (အရိုက်ခံရသည့် လူငယ်နှင့် သူငယ်ချင်း) ကအိုးလုပ်မဲဒုံဆိုင် ရှေ့လမ်းကြားထဲက ဆိုင်ကယ်သုံးစီး လူခြောက်ယောက်နဲ့ ထွက်လာတယ်ပြောတယ်။ မဲဒုံဆိုင်ဘေးမှာ ရိုက်တဲ့လူငယ်အုပ်စုက ပိတ်ပြီးရပ်နေတယ် ပြောတယ်။ ပိတ်ပြီးရပ်နေတော့ သူတို့လည်းအဲဒီနေရာကနေ ကျော်ပြီးထွက်လာတော့ အဲဒီဆိုင်ကယ်အုပ်စုက သူတို့နောက်ကို လိုက်လာတယ်ဆိုတာ အကဲခတ်မိတော့ မောင်းပြီးပြေးလာတာ။ ပြေးလာရင်း ဆန်းသစ်ဆိုင်နားမှာ လာမိတယ်။ ကျွန်တော့်သားဆိုင်ကယ်က နောက်မှာကျန်ခဲ့ပြီး ကျန်တဲ့နှစ်စီးကလွတ်သွားတယ်။ အဲဒီမှာဆိုင်ကယ်ကို ကန်လှဲပြီး ထပြေးတာနဲ့ လိုက်ရိုက်တာ။ မောင်းလာတဲ့ ကောင်လေးက ဆန်းသစ်ဆိုင်ထဲဝင်ပြေးလို့ လွတ်သွားတယ်။ ကျွန်တော့်သားကတော့ လမ်းမှာကျန်ခဲ့ပြီး လမ်းကြားထဲဝင်ပြေးတော့ နောက်ကနေ လိုက်ရိုက်တယ်လို့ ပြောတယ်။ သူတို့နောက်ကိုလိုက်လာတဲ့အုပ်စုက ဆိုင် ကယ် အစီး ၂၀ လောက်ရှိတယ်လို့ပြောတယ်။ လူကတော့သူတို့ မခန့်မှန်းနိုင်ဘူး ပြောတယ်” ဟု ရိုက်နှက်ခံရသည့်လူငယ်၏ ဖခင်ဖြစ်သူ သင်္ဘောဆိပ်ရပ်ကွက်နေ ဦးသန့်ဇင်အောင်က ပြောကြားသည်။ 

ရိုက်နှက်ခံရသည့် နေရာမှာ မြို့လယ်ကောင် အဓိကလမ်းမကြီးပေါ်၌ ညဦးပိုင်းအချိန်ဖြစ်ပွားခဲ့သောကြောင့် မြို့၏လုံခြုံမှု အပိုင်းအားနည်းသည်ဟု မြင်ကြောင်းနှင့် ၎င်း၏သားဖြစ်သူရရှိခဲ့သည့် ဒဏ်ရာမှာလည်း ထွက်ပြေးနိုင်၍သာ ယခုကဲ့သို့ဒဏ်ရာ နည်းခဲ့ခြင်းဖြစ်ပြီး အကယ်၍ထွက်မပြေးနိုင်ပါက ယင်းနေရာတွင် သေဆုံးသွားနိုင်သည့် အနေအထားရှိကြောင်း ရိုက်နှက်ခံရသည့် လူငယ်၏ဖခင်ဖြစ်သူက ပြောကြားသည်။ 

ရိုက်နက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကျူး လွန်သူများအား ရဲတပ်ဖွဲ့က ညတွင်းချင်း လိုက်လံဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ကျူးလွန်သူများအနက်မှာ လူငယ်လေးဦးကိုလက်နက်များဖြင့် ဖမ်းဆီးရမိထားကြောင်း၊ စစ်ဆေးချက်အရ အုပ်စုဖွဲ့ ရိုက်နှက်မှုကျူးလွန်ခဲ့သည့် လူငယ်များမှအသက် ၁၅ နှစ်မှ ၁၇ နှစ်ဝန်းကျင်ရှိ လူငယ်များဖြစ်ပြီး ၎င်းတို့ အုပ်စုတွင် ၁၀ ဦးကျော် ပါဝင်နေသည့် အနေအထားရှိကာ ၎င်းတို့အားလုံးကို ဖမ်းဆီးနိုင်ရန် စုံစမ်းရှာဖွေနေသည်ဟု ထားဝယ်မြို့မရဲစခန်းမှူးက ပြောကြားသည်။ 

“ညက ဆန်းသစ်မုန့်တိုက်ရှေ့မှာ ရိုက်နှက်မှုကို အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်။ တရားခံတွေကတော့ လက်ရှိ လေးယောက်ဖမ်းထားပြီးပြီ။ ကျန်တဲ့တရားခံတွေလည်း စုံစမ်းဖော်ထုတ်နေတယ်။ ပုံစံကတော့ အရင်က သူတို့အချင်းချင်းပြဿနာတွေ ဖြစ်တယ်။ အခုတွေ့ တဲ့အခါမှာဆော်တာ။ တိုင်ချက်ဖွင့်ထားတယ်။ တုတ်၊ ဓား၊ ကပ်ပါး (ရဲတင်း) လက်နက်တွေပါတယ်။ ဒဏ်ရာရတဲ့လူငယ်က ဆေးရုံမှာ ကုသမှုခံယူနေတယ်။ စိုးရိမ်စရာတော့မရှိဘူး” ဟု ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ပြောကြားသည်။

လက်ရှိတွင် ရိုက်နှက်ခဲ့ကြသည့် လူငယ်များအား ထားဝယ်မြို့မရဲစခန်းက (ပ) ၃၀၄၀/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၄၀/ ၃၂၅ / ၁၁၄ ဖြင့်အမှုဖွင့်လှစ်ထားကြောင်း သိရသည်။ 

ယခု အခင်းဖြစ်ပွားခဲ့သည့်နေရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တစ်ဖာလုံခန့်သာကွာဝေးခြင်း၊ ထားဝယ်မြို့လယ်တည့်တည့် အဓိကလမ်းမပေါ်တွင် ဖြစ်နေခြင်းနှင့် ညဦးပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းများအပြင် ယင်းကဲ့သို့ ဆိုင်ကယ်စီးလူငယ်များ အုပ်စုဖွဲ့ပြီး လက်နက်များ ကိုင်ဆောင်၍ ယခုနှစ်ပိုင်းအတွင်း မကြာခဏရိုက်နှက်မှုများ၊ လုယက်မှုများဖြစ်ပွားနေသောကြောင့် မြို့၏ လုံခြုံရေးအပေါ် ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment