Tuesday, December 25, 2018

လက်ပံတန်းမြို့ရှိ ရေခဲစက်တစ်ခုမှ ဒုတိယအကြိမ် ဂက်စ်ယိုစိမ့်မှုကြောင့် ဒေသခံ ၁၅၀ ခန့် ရွှေ့ပြောင်းပေးခဲ့ရပြီး သုံးဦး ဆေးရုံတင်ခဲ့ရ


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင် လက်ပံတန်းမြို့ရှိ ရေခဲစက်တစ်ခုမှ ဂက်စ်ယိုစိမ့်မှုကြောင့် ဒေသခံ ၁၅၀ ခန့်အား ရွှေ့ပြောင်းပေးခဲ့ရပြီး သုံးဦးကို ဆေးရုံတင်ခဲ့ရကြောင်း သတင်းရရှိသည်။ 
လက်ပံတန်းမြို့ မအူကုန်းရပ်ကွက်ကံကြီးလမ်းရှိ ရေခဲစက်၌ ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီခွဲက ရေခဲရာတွင် အသုံးပြုသည့် အမိုးနီးယားဓာတ်ငွေ့ဂက်စ်အိုးမှ ဂက်စ်ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ အနီးအနားရှိ ဒေသခံ ၁၅၀ ခန့်အား ဂက်စ်ငွေ့လွတ်ကင်းရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 

“ဓာတ်ငွေ့ယိုစိမ့်တာပေါ့။ ညကတော့ လေလွတ်ရာကို ရွှေ့ပေးရတာပေါ့နော်။ ကျွန်တော်လည်း မီးသတ်ကားတွေ ဘာတွေခေါ်ပြီး ရေဖျန်းပေါ့။ အနားပတ်ဝန်းကျင်ကတော့ အနံ့မခံနိုင်လို့ မြို့ထဲထွက်လာတာတို့၊ လေမရှိတဲ့နေရာတို့ကို သွားတာပေါ့။ အဲဒီလိုဖြစ်သွားတယ်။ နောက်ဆုံး နှစ်ချက်ခွဲ သုံးနာရီလောက်မှာ ပြီးသွားတယ်။ သူတို့တွေလည်း အိမ်ပြန်လာကြပေါ့။ မီးသတ်ကားတွေဘာတွေကလည်း ရပြီဆိုတော့ ဆေးရုံမှာတော့ ရင်ကျပ်တာ၊ အသက်ရှုကျပ်တာတို့ကြောင့် တင်လိုက်ရတာ သုံးယောက်ပေါ့။ အခုမနက်အထိတော့ မဆင်းရသေးဘူး။ ရေခဲစက်ကိုလည်း လောလောဆယ် အမှုဖွင့်တာမရှိဘူး။ မြို့နယ်ကတော့ အစည်းအဝေး ထိုင်နေကြတယ်။ ဘယ်လိုလုပ်မယ် မသိသေးဘူး။ ပိုင်ရှင်ကိုဇော်မင်းလှိုင်လည်း ပြန်မရောက်သေးဘူး။ ရန်ကုန်သွားနေတယ်။ ဒီနေ့ညနေတော့ ရောက်မယ်” ဟု မအူကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်က ပြောကြားသည်။ 

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အသက်ရှူကျပ်မှု ဖြစ်ပွားခဲ့သော ၆၇ နှစ်နှင့် ၅၅ နှစ် အရွယ် အမျိုးသားနှစ်ဦး၊ ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဆေးရုံတင်ပို့လိုက်ရကြောင်း၊ ယခင်ကလည်း ယခုရေခဲစက်ပင် ဂက်စ်အိုးယိုစိမ့်မှုဖြစ်ပွားခဲ့ဖူးပြီး ပြန်လည်ပြင်ဆင်နေစဉ် အလုပ်သမားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

“ပထမလည်း အခုလို ဓာတ်ငွေ့ယိုစိမ့်တယ်။ ပိုက်လိုင်းကိုပြန်ပြင်တယ်။ ဖြစ်တဲ့အချိန်မှာ သေတာမဟုတ်။ ပြန်ပြင်တာမှာ အလုပ်သမားနဲ့ ခေါင်းဆောင်နဲ့ နားလည်မှု လွဲပြီး ဂက်စ်လွှတ်တာ ဂက်စ်အိုးပေါက်တာပေါ့”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ယင်းဖြစ်စဉ်ဖြစ်ပွားနေစဉ်တွင် အကူအညီပေးခဲ့သည့် လက်ပံတန်း လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “ကျွန်တော်တို့ ဖြစ်ချိန်မှာ မီးသတ်ကိုအကြောင်းကြားပြီး ချက်ချင်းသွားကြတယ်။ ကိုက် ၃၀၀ ရာလောက်အထိကပ်မရဘူး။ အနံ့တွေက မခံနိုင်ဘူးပေါ။့ ရွှေ့တဲ့သူတွေလည်းရွှေ့ကြ။ မီးသတ်ကားတွေ ရေဖျန်းပြီးလို့ အနံ့နည်း နည်းသက်သာလာတဲ့အခါမှာ မူးဝေအော့ အန်နေသူတွေကို ရွှေ့ပြီး နှာခေါင်း mask တွေ လိုက်ဝေပေးလိုက်ပါတယ်။ မလောက်လို့တောင် အခြားအသင်းကို အကူအညီ လှမ်းတောင်းလိုက်ရသေးတယ်” ဟု ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment