Wednesday, December 26, 2018

တယ်လီနောအသုံးပြုသူများကို ငွေချေးဝန်ဆောင်မှုပေးမည်

တယ်လီနောဆင်းမ်ကတ်အသုံးပြု သူများကို အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် ညီမျှသော ကျပ် ၁၅ သိန်းကျော်အထိ ငွေချေးယူနိုင်မည့် ငွေကြေးဝန်ဆောင်မှုတစ်ခုကို လာမည့်နှစ်လယ်ပိုင်းတွင် စတင်နိုင်မည်ဖြစ်ကြောင်း တယ်လီနောထံမှ သိရသည်။ 
အဆိုပါ ငွေချေးဝန်ဆောင်မှုကို ဆောင်ရွက်နိုင်ရန်အတွက် တယ်လီနောနှင့် အိုင်ယာလန်နိုင်ငံအခြေစိုက် သတင်းအချက်အလက် နည်းပညာကုမ္ပဏီဖြစ်သည့် Experian တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မိုဘိုင်းလ်အခြေပြု ငွေကြေးဝန်ဆောင်မှု အသစ်တစ်ခုဖြစ် လာမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်ရွှေယင်းမာဦးက ပြောကြားသည်။ 

“ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့က အခုချိန်မှာ အသေးစိတ်တော့ မပြောနိုင်သေးဘူး။ အဓိက ဘဏ်ဝန်ဆောင်မှု အပြည့်အဝ မသုံးနိုင်သေးတဲ့သူတွေ အများကြီးအထောက်အကူပြုနိုင်မှာပါ”ဟု ၎င်းက ဆိုသည်။ 

အဆိုပါဝန်ဆောင်မှုကို ပုဂ္ဂလိက ဘဏ်များနှင့် ဆွေးနွေးနေဆဲဖြစ်သည့်အတွက် မည်သည့်ပုဂ္ဂလိကဘဏ်များနှင့် စတင်လုပ်ဆောင်သွားနိုင်မည်ကို ပြောကြားနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ရှင်းပြသည်။ 

ယင်းငွေကြေးဆိုင်ရာဝန်ဆောင်မှုကြောင့် မြန်မာနိုင်ငံတွင် ဘဏ်ဝန်ဆောင်မှု မရောက်ရှိသေးသော မြန်မာနိုင်ငံ၏ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း တယ်လီနောက ထုတ်ပြန်ထားသည်။ 

လက်ရှိအချိန်တွင် ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောသည် ရိုးမဘဏ်နှင့်ပူးပေါင်းပြီး မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှု Wave Money ကို လုပ်ကိုင်လျက်ရှိပြီး ဆက်သွယ်ရေးဈေးကွက် အတွင်းတွင်လည်း အသုံးပြုသူ ၁၈ သန်းကျော်အထိ ရရှိထားသော အော်ပရေတာတစ်ခုဖြစ်သည်။

The Voice

0 comments:

Post a Comment