Wednesday, December 26, 2018

အီတလီတွင် အတ်တနာမီးတောင် ပေါက်ကွဲမှုဖြစ်ပြီးနောက် ပြင်းအား ၄.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်


အီတလီနိုင်ငံတွင် အတ်တနာမီးတောင် ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒီဇင်ဘာ ၂၆ ရက် အစောပိုင်းတွင် ယင်းမီးတောင်ရှိရာ ဒေသအနီး ပြင်းအား ၄.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သက်တမ်းကြာပြီဖြစ်သည့် အဆောက်အအုံများ ပျက်စီးခဲ့ပြီး ပင်လယ်တစ်လျှောက် ဖောက်လုပ်ထားသည့် အမြန်လမ်း၏ လမ်းပိုင်းတစ်ခုကို ပိတ်ပစ်ခဲ့ရသည်ဟု အီတလီအရပ်ဘက် ကာကွယ်ရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ 
ဒီဇင်ဘာ ၂၄ ရက်တွင် အတ်တနာ မီးတောင်ပေါက်ကွဲမှုဖြစ်ပြီး ငလျင်ငယ်များ ဆက်တိုက်လှုပ်ခဲ့ရာ နောက်ဆုံးလှုပ်ခဲ့သည့် ငလျင်သည် အင်အားအပြင်းဆုံးဖြစ်သည်။ မီးတောင်ပေါက်ကွဲမှုမှ ပြာမှုန်များ ပန်းထွက်လာမှုကြောင့် စစ္စလီလေပိုင်နက်ကို ယာယီပိတ်ထားခဲ့ရသည်။ 

ငလျင်ကြောင့် လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကြောက်လန့်နေသော ရွာသားများက နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြသည်။ ပြိုကျနေသော အဆောက်အအုံ တစ်ခုထဲမှ လူနှစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့သူများ (သို့မဟုတ်) ပျက်စီးခဲ့သူများအတွက် ယာယီစခန်းများ ဆောက်လုပ်ပေးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

ငလျင်သည် ညသန်းခေါင်တွင် ကာတာနီးယားမြို့မြောက်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ငလျင်သည် မြေအောက်အနက် တစ်ကီလိုမီတာ (၀.၆ မိုင်) ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည်ဟု ဘူမိဗေဒနှင့် မီးတောင်ဗေဒဆိုင်ရာ သိပ္ပံက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက် ဖောက်လုပ်ထားသည့် အမြန်လမ်း တစ်စိတ်တစ်ပိုင်းကို ပိတ်ထားရသော်လည်း ကာတာနီးယားမြို့ရှိ လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ 

ဒီဇင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့သည့် မီးတောင်ပေါက်ကွဲမှုသည် အတ်တနာမီးတောင်၏ ဘေးဘက်ခြမ်းမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ဘေးတိုက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ အီတလီနိုင်ငံ၏ မီးတောင်ရှင် သုံးခုအနက် အကြီးဆုံးဖြစ်သော အတ်တနာမီးတောင်သည် မီတာ ၃,၃၀၀ မြင့်ပြီး ပြီးခဲ့သည့် နှစ် ၂,၇၀၀ တွင် ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားသည့် မီးတောင်ဖြစ်ခဲ့သည်။ ယင်းမီးတောင်၌ နောက်ဆုံးဖြစ်ပွားခဲ့သည့် အကြီးစားပေါက်ကွဲမှုသည်၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ် ဆောင်းရာသီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

မတ်လအကုန်တွင် မီးတောင်ဗေဒဆိုင်ရာအသင်းမှ ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုတွင် အတ်တနာမီးတောင်သည် မြေထဲပင်လယ်ဆီသို့ ဖြည်းဖြည်းချင်း နိမ့်ဆင်းလာသည်ဟု ဖော်ပြထားသည်။ 

Eleven Media Group

0 comments:

Post a Comment