Thursday, December 27, 2018

ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ချက်များအပေါ် အထင်အမြင်လွဲမှားစေမည့် မဟုတ်မမှန် သတင်း ထုတ် ပြန်မှုများအား မပြုလုပ်ကြရန်လိုအပ်


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ရွှေမှော်ကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်၌ TNLA နှင့် မြန်မာစစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေး ဌာနမှ ထုတ်ပြန်မှုအပေါ် RFA ၊ The Voice ၊ Marnagar News Journal ၊ The Ladies ၊ မဇ္ဈိမ ၊ ဧရာဝတီနှင့် ခေတ်သစ်မီဒီယာတို့မှ ထပ်ဆင့်သတင်းထုတ်လွှတ်ခဲ့သဖြင့် ကွတ်ခိုင်မြို့နယ်၊ ရွှေမှော်ကျေးရွာ အနီးတွင် တပ်မတော်စစ်ကြောင်းများနှင့် TNLA အဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်းနှင့် ငြိမ်းချမ်း ရေးအား ဖြစ်မြောက်မှုအားနည်းစေရန်အတွက် သွေးထိုးလှုံ့ဆော်မှုများမပြုလုပ်ကြရန် လိုအပ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန် ခဲ့ပြီးဖြစ် သည်။ 
အလားတူ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စုအတွင်းရှိ တွန်ကြိုင်းကျေးရွာ အနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နှင့် ဒီဇင်ဘာ ၂၅ ရက်နေ့များ၌ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာတွင် တပ်မတော်စစ်ကြောင်းများက RCSS နှင့် ပူးပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောငှ်း SSPP သတင်းနှင့် ပြန်ကြား ရေးဌာနမှ ထုတ်ပြန်မှုအပေါ် VOA ၊ The Fifth Wave News ၊ The Ladies နှင့် ဧရာဝတီသတင်းဌာန များမှထပ်ဆင့်ထုတ်လွှင့်ခဲ့ပြီး ၎င်းသတင်းအပေါ်စိစစ်မေးမြန်းမှုအား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့အချင်းချင်း ဖြစ်ပွားနေသော ပဋိပက္ခသည် တပ်မတော်နှင့်လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်ဘက်ကမှ ပါဝင်ကူညီပေး ခြင်းမရှိကြောင်းပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ပါသည်။ RFAသတင်းဌာနအနေဖြင့် ၎င်းသတင်းကို စိစစ်အတည် ပြုခြင်းမရှိဘဲ ထပ်ဆင့်ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။ 

ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ နောင်ချိုကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် ပအို့ဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအား Tai- Freedom မှ RCSS ၏ ထုတ်ပြန်ကြေညာချက်တွင် တပ်မတော်နှင့် PNLO တို့ ပူးပေါင်း၍ RCSS အဖွဲ့အား တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားမှုအပေါ် ဧရာဝတီသတင်းဌာနက ထပ်ဆင့်ထုတ်ပြန်ခဲ့ပြီး တပ်မတော်အပေါ်အထင်အမြင်လွဲမှားစေရန် တစ်ဖက် တည်းမှပြောဆိုမှုများကို ကိုးကား၍ ငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှုအား ပျက်ပြားစေရန် ရေးသား ထုတ်လွှင့်နေကြောင်းတွေ့ရှိရသည်။ 

တပ်မတော်၏ အနာဂတ်လုပ်ငန်းများနှင့် အများပြည်သူ မသိသင့်မသိထိုက်သော အကြောင်းအရာများ မှလွဲ၍ ကျန်ဖြစ်စဉ်များကို သက်ဆိုင်ရာလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းဦးစီးဗိုလ်မှူးကြီးများထံမှ သတင်းရယူရန်နှင့် စိစစ်အတည်ပြုနိုင်ရေး ခွင့်ပြုထားပြီးဖြစ်ကြောင်း တရားဝင် ညွှန်ကြားထားပြီး ဖြစ်သည်။ 

သို့ဖြစ်ပါ၍ သတင်းဌာနများအနေဖြင့် တပ်မတော်သတင်းများအား သက်ဆိုင်ရာ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းဦးစီးဗိုလ်မှူးကြီးများထံ သတင်းစိစစ်အတည်ပြုခြင်းများ ပြုလုပ်ပြီးမှသာ ပြည်သူသို့ အမှန်အတိုင်းတင်ပြနိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ချက်များအပေါ် အထင်အမြင်လွဲမှားစေမည့် မဟုတ်မမှန် သတင်းထုတ်ပြန်မှုများအား မပြု လုပ်ကြရန် လိုအပ်ကြောင်းနှင့် တပ်မတော်သတင်းများကို စိစစ်အတည်ပြုခြင်းမရှိဘဲ ဆက်လက် ထုတ်ပြန် လာပါက သက်ဆိုင်ရာသတင်းဌာနများအား ဥပဒေနှင့်အညီိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။ 


တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 

0 comments:

Post a Comment