Thursday, December 27, 2018

နိုင်ငံခြားကုမ္ပဏီနှင့် INGO များကို ရုံးသုံးပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်းပစ္စည်းများ တင်သွင်းခွင့်ပြု


နိုင်ငံခြား ကုမ္ပဏီများနှင့် အစိုးရမဟုတ်သော ပြည်ပ အဖွဲ့အစည်းများ (INGO) ကို ဒီဇင်ဘာလကုန်မှစတင်၍ ရုံးသုံးပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းပစ္စည်းများကို တရားဝင်တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 
ယခင်က အဆိုပါအဖွဲ့အစည်းများကို ဆေးရုံသုံးလုပ်ငန်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အပင်နှင့် မျိုးစေ့များသာ ပြည်ပမှ တင်သွင်းခွင့်ပြုထားပြီး ယခုနှစ်တွင် ပစ္စည်းအသစ်နှစ်မျိုးကို တင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ 

“ကုန်သွယ်မှုတွေ လျင်မြန်ချောမွေ့အောင်လို့ ဖြေလျှော့ပေးလိုက်တာပါ”ဟု ၎င်းကဆိုသည်။ 

ရုံးလုပ်ငန်းသုံး သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆက်နွှယ်သော ပစ္စည်းများကိုသာ အမှန်တကယ် တင်သွင်းရမည်ဖြစ်ပြီး ဈေးကွက်အတွင်းသို့ ပြန်လည် ရောင်းချခြင်းမပြုလုပ်ရန် တားမြစ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

အကယ်၍ နိုင်ငံခြား အဖွဲ့အစည်းများက စည်းကမ်းချက်ကို ချိုးဖောက်ပါက ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် သို့မဟုတ် မှတ်ပုံတင်နံပါတ်အား ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ထပ်မံတင်သွင်းမှုလျှောက်ထားခြင်းကို ငြင်းပယ်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

နိုင်ငံတကာတွင် ရုံးလုပ်ငန်းသုံး ပစ္စည်းများကို တင်သွင်းခွင့်ပြုသည့်အတွက် လုပ်ငန်းပိုင်းတွင် အဆင်ပြေကြောင်း၊ အချို့သော နိုင်ငံခြား အဖွဲ့အစည်းများတွင် သက်ဆိုင်ရာဒေသရှိ ဒေသခံများကို ဝန်ဆောင်မှုပစ္စည်းများ ကူညီလိုပါက ပို့ကုန် သွင်းကုန်ကုမ္ပဏီများအား တစ်ဆင့်ခံ ပြောကြားရန်မလိုဘဲ တိုက်ရိုက် တင်သွင်းနိုင်မည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက ပြောဆိုသည်။


The Voice



0 comments:

Post a Comment