Wednesday, December 26, 2018

တောင်ကြီးတွင် ဖြစ်ပွားခဲ့သည့် အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို သက်ငယ်မုဒိမ်းပြုကျင့်သူ အိမ်ထောင်သည်တစ်ဦးအား ထောင်ဒဏ်နှစ် ၂၀ ချမှတ်

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက် ဇလဲလမ်းတွင် အသက် မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို အိမ်ထောင်သည်တစ်ဦးမှ သားမယားပြုကျင့်မှု သက်ငယ်မုဒိန်းမှုကို ဒီဇင်ဘာ ၂၆ ရက်တွင် တောင်ကြီးခရိုင် တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
 အဆိုပါ ကျူးလွန်သူ တရားခံ စည်သူစိုး ကို နယ်မြေရဲစခန်းတွင် (ပ) ၈၇။၂၀၁၈ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုခဲ့ ခြင်းဖြစ်ပြီး တောင်ကြီးခရိုင်တရားရုံးမှ ဒီဇင် ဘာ ၂၆ ရက်တွင် မုဒိန်းမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် မေ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကြီးနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး တစ်လအကြာတွင် တရားရုံးသို့ စွဲတင်ခဲ့ကာ ခြောက်လအတွင်း အမှုကို စစ်ဆေးခဲ့ကာ တောင်ကြီးခရိုင် တရားရုံး (၁) မှ ခရိုင် ဒုတရားသူကြီးဦးမြင့်ဌေးမှ အဆိုပါအမှုကို ပုဒ်မ ၃၇၆ အား အလုပ်ကြမ်း နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အမှုက ၁၇ ရက် ၅ လ မှာ ဖြစ်တယ်။ ရဲစခန်းက တစ်လအရောက် တရားရုံးတင်တယ်။ ခြောက်လအကြာမှာ စီရင်ချက်ချတယ်။ အခု တောင်ကြီးခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်။ အမှုစဖြစ်တော့ အရပ်ဘက် အဖွဲ့အစည်းတွေ စုပြီးတော့ သွားကြည့်တယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအထောက်အကူပြုအဖွဲ့မှ သော်တာဆွေက ပြောကြားသည်။

“ကျွန်မအနေနဲ့ ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ကလေးငယ်မှလည်း မခံစားစေချင်ဘူး။ အဲဒီအတွက်ကြောင့်လည်း ဒီအမှုအောင်မြင်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ ကူညီစောင့်ရှောက်တယ်။ သူတို့ အင်အား နဲ့ စိတ်ဓါတ်တွေ ခိုင်မာအောင် မွေးရတယ်။ ကလေးငယ်ကိုလည်း မနည်းကျန်းမာအောင် ပြုစုရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဟိုဘက်က ငွေရေးကြေးရေးနဲ့ ညှိတယ်။ ကျွန်မလက်မခံခဲ့ဘူး။ ကလေးတွေ နောင်ရေးအတွက် မလုံခြုံမှာကြောက်လို့ လျော်ကြေးလည်း မလိုချင် ဘူး။ အမှန်တရားပေါ်ပေါက်ဖို့ အရေးကြီးတယ်။ တရားဥပဒေအတိုင်း ဆုံးဖြတ်ဖို့ ရင်ဆိုင်ခဲ့တာပါ။ ကျွန်မလို ခံစားရမှာကို ဘယ်မိခင်မှ မခံစားစေချင်ဘူး။ ဘယ်လိုလူမျိုးကိုမှ ယုံကြည် စိတ်ချစရာမရှိပါဘူး ။ ဘယ်လို လူမျိုးကိုမှ ဆွေမျိုးသားချင်းကအစ မယုံရတော့ ဘူးဖြစ်နေတယ်။ သူတို့ကိုလည်း သားသမီးလို နေလာခဲ့ပြီးမှ ဒီလို လုပ်လိုက်တယ်ဆိုတော့ ကျွန်မရင်ထဲမှာ တော်တော်လေးကြောက်လန့်  တုန်လှုပ်သွားတယ်။ ဒီလိုအဖြစ်ဆိုးကို ကြုံလိုက်ချိန်မှာ မခံစားနိုင်ဘဲ အရူးတစ်ယောက်လို ခံစားရတယ်။ ကျွန်မ ကလေးကို ပြုစုချိန်မှာလည်း အသည်းခိုက်အောင်လည်း နာခဲ့ရတယ်။ ကလေးရဲ့ထိခိုက်တဲ့ အသံကိုတောင် မခံစားနိုင်အောင်ဖြစ်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလို မဖြစ်အောင် ဘယ်လိုလူမျိုးကိုမှ မယုံစားဘဲ မိဘတိုင်းက ကြည့်ရှုကြတာပေါ့။ ခဏတစ်ဖြုတ် မျက်စိတစ်မှိတ်လေးမှာ ဖြစ်သွားတဲ့ အရာတွေကို ကိုယ်လိုမျိုးဖြစ်သွားမှာလည်း ကြောက်တယ်။ ကျွန်မတော့ ပတ်ဝန်းကျင်ကောင်းကိုပဲ လိုလားပါတယ်။ ရပ်ကွက် ကို သက်သေခေါ်တာ နှစ်ခါခေါ်တာ နှစ်ခါလုံး မရခဲ့ပါဘူး။ အခုလိုအရပ်ဘက် အဖွဲ့အစည်းတွေ ကူညီပေးတာပါ။ အခုလည်း အမှန်တရား ဥပဒေနဲ့ ချတာ ကျေနပ်ပါတယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်နဲ့ကျတာပါ” ဟု ကလေးငယ်၏ မိခင်ဖြစ်သူက ပြောကြားသည်။

ဖြစ်စဉ်မှာ စဝ်စံထွန်းရပ်ကွက် နယ်မြေ ၁၆ ဇလဲလမ်းတွင် မေ ၁၇ ရက်တွင် အသက် မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို အိမ်ထောင်သည်လူငယ်တစ်ဦးက သားမယား ပြုကျင့်မှု ဖြစ်ပွားခဲ့သဖြင့် ထိုနေ့ ညနေ ၅ နာရီခန့် တောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

 တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်၊ နယ်မြေ ၁၆ တွင် နေထိုင်သော အသက် ၆ နှစ် ၁၁ လ ၉ ရက်သာ ရှိသေးသော မိန်းကလေးငယ်တစ်ဦးသည် အိမ်နီးနားချင်းဖြစ်သူ စည်သူစိုးအိမ်ကို သွားရောက်လည်ပတ်စဉ် ၎င်းမှ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့သဖြင့် မိခင်ဖြစ်သူမှ တောင်ကြီးနယ်မြေ ရဲစခန်းတွင် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး မိန်းကလေးငယ်ကို တောင်ကြီးအမျိုးသမီးနှင့် ကလေးဆေးရုံသို့ တင်ပို့ထားကာ ဆေးရုံတွင် လအတန်ကြာသည်အထိ ဆေးကုသမှု ခံယူနေရခြင်းဖြစ် ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment