Wednesday, December 26, 2018

တာမွေငွေစက္ကူအတု အမှုကွင်းဆက် မြောက်ဥက္ကလာပတွင် ထပ်ဖမ်းမိ

တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်ရှိ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲဈေးတန်းတွင် တစ်သောင်းကျပ်တန် ငွေစက္ကူ အတုများကို ကိုင်ဆောင်သုံးစွဲနေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာမှ မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ငွေစက္ကူအတုများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 
နှစ်ကျိပ်ရှစ်ဆူဘုရားပွဲဈေးတွင် ဒီဇင်ဘာလ ၂၄ ရက် ည ၉ နာရီဝန်းကျင်က ငွေစက္ကူအတုများ ကိုင်ဆောင်သုံးစွဲနေသူ အသက် ၃၄ နှစ် ညွန့်လှိုင်ထံမှ ကျပ်တစ်သောင်းတန်ငွေစက္ကူ ၁၉ ရွက်ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးရာ ၎င်းနှင့် အသက် ၃၂ နှစ် အောင်မင်းစိုးတို့နှစ်ဦးမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်၍ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု အရွက် ၈၀၀ ကို ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ 

ယင်းနောက် မြဝတီမှတစ်ဆင့် ရန်ကုန်သို့ ငွေစက္ကူအတုများကို သယ်ဆောင်လာခဲ့ပြီး ဈေးဝယ် သုံးစွဲနေကြောင်း နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ငွေစက္ကူအတုများ ကျန်ရှိသေးနေကြောင်းထွက်ဆိုသဖြင့် ယင်းနေအိမ်သို့ သွားရောက်စစ်ဆေးရာ အောင်မင်းစိုးနှင့်အတူ ကျပ်တစ်သောင်းတန်ငွေစက္ကူအတု ၃၃၆ ရွက်ကို ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် တာမွေမြို့မရဲစခန်းမှ ၎င်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment