Wednesday, December 26, 2018

ငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်းသုံးဖွဲ့ ဇန်နဝါရီလတွင် တွေ့ဆုံရန်ရှိ

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ဖြစ်သည့် တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၊ ကိုးကန့် (MNDAA) အဖွဲ့တို့ ဇန်နဝါရီလအတွင်း တွေ့ဆုံရန်ရှိကြောင်း ကော်မရှင်ထံမှ သိရသည်။ 
အဆိုပါ တွေ့ဆုံမှုသည် လက်ရှိအပစ်ရပ် ကြေညာချက်များ မထုတ်ပြန်ခင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက် တရုတ်နိုင်ငံကူမင်းတွင် တွေ့ဆုံခဲ့ချိန်အပြီး ဇန်နဝါရီလတွင် ပြန်လည်တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြီးတန်းအကြံပေးဖြစ်သူ ဦးလှမောင်ရွှေက ပြောကြားသည်။ 

အဆိုပါ တွေ့ဆုံပွဲအတွက် ဇန်နဝါရီလအတွင်း တွေ့ဆုံမည်ဟုသာ နှစ်ဖက်သဘောတူထားခြင်းဖြစ်ပြီး နေ့ရက် အတိအကျနှင့် အချိန်ကာလကို ညှိုနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ဒီဇင်ဘာလ ၁၂ ရက်က ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ဆက်လက်ပါဝင် မည်ဖြစ်ပြီး စစ်ရေး လှုပ်ရှားမှုများရပ်တန့်သွားမည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ယင်းနောက် တပ်မတော်ကလည်း ဒီဇင်ဘာလ ၂၁ ရက်မှစတင်၍ လေးလကြာ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်သွားမည့် ကြေညာချက်တစ်စောင်ကို ထုတ် ပြန်ခဲ့ပြီး တပ်မတော်၏ အဆိုပါ အပစ်ရပ် ကြေညာချက်အပေါ် အဖွဲ့အစည်းအသီးသီးက ကြိုဆိုထောက်ခံခဲ့ကြသည်။ 

တပ်မတော်အနေနှင့် အပစ်ရပ်ထိုးရန် ကျန်ရှိနေ သေးသည့် အဖွဲ့များနှင့် တစ်ဖွဲ့ချင်း ညှိုနှိုင်းဆွေးနွေးရန် လိုအပ်သည့်အတွက် ဒီဇင်ဘာလ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

The Voice

0 comments:

Post a Comment