Wednesday, December 26, 2018

သီလဝါတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၅၀ နီးပါး ဝင်ရောက်


ယခုဘဏ္ဍာနှစ်စ သုံးလတာ ကာလအတွင်း သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာသန်း ၅၀ နီးပါး ဝင်ရောက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 
“ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာပါတယ်။ နှစ်စဉ် သီလဝါရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန် ဒေါ်လာသန်း ၄၀၀ ကျော်ရှိတယ်။ အခုဆို တစ်ဘီလီယံကျော်လောက် ရှိနေပြီ”ဟု ယင်းဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ 

ဂျပန်နိုင်ငံနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သီလဝါ အထူးစီးပွားရေးဇုန်၌ လက်ရှိအချိန်တွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု စက်ရုံပေါင်း ၉၄ ခုခန့်ရှိပြီဖြစ်ကြောင်း မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ဘဏ္ဍာရေးဆိုင်ရာအရာရှိ ဦးမျိုးမြင့်အောင်က ပြောဆိုသည်။ 

အဆိုပါ စက်ရုံများကို နိုင်ငံပေါင်း ၁၇ ခုမှ ကုမ္ပဏီများက ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြပြီး ယင်းစက်ရုံပမာဏ၏ ထက်ဝက် ၅၈ ရုံမှာ စက်ရုံလုပ်ငန်းများ စတင် လည်ပတ်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“အခု ကျွန်တော်တို့ ဇုန်အေရဲ့ ၉၇ ရာခိုင်နှုန်းကို ရောင်းချပြီးစီးသွားပြီ။ သီလဝါ အထူးစီးပွားရေးဇုန်အတွက် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုတွေ၊ ဈေးဝယ်စင်တာနဲ့ ဟိုတယ်တည်ဆောက်နေမှုတွေလည်း လုပ်နေပြီ”ဟု ၎င်းကပြောဆိုသည်။ 

လက်ရှိအချိန်တွင် သီလဝါ အထူးစီးပွားရေးဇုန်၌ ၂၀၁၈ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇ ခုမှ စီးပွားရေးလုပ်ငန်းပေါင်း ၉၄ ခုခန့်၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော်အထိရှိပြီး လည်ပတ်နေသော စက်ရုံများတွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း တစ်သောင်းကျော်အထိ ဖန်တီးပေးထားနိုင်ကာ စက်ရုံအားလုံး လုပ်ငန်း စတင်လည်ပတ်ပါက အလုပ်အကိုင် အခွင့်အလမ်းပေါင်း လေးသောင်းကျော်အထိ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ 


သီလဝါ အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလျက်ရှိသော လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိအဆောက်အုံ ပစ္စည်းထုပ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော စက်ရုံများ၊ စားသောက်ကုန်စက်ရုံများ၊ ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများ အပါအဝင် လယ်ယာစိုက်ပျိုးရေး ဆက်စပ်လုပ်ငန်းများ၊ မော်တော်ယာဉ် တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် အပိုပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဖက်ဆိုင်ရာပစ္စည်း ထုတ်လုပ်သည့်စက်ရုံတို့ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

The Voice 

0 comments:

Post a Comment